09
Apr
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့ညနေပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီး ဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခဲ့မှု၊ နှစ်နိုင်ငံအစိုးရ-ပုဂ္ဂလိကများအကြား နီးကပ်စွာပူးပေါင်း၍ ခရီးသွား မြှင့်တင်ရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှု၊ ဥရောပအာရှ စီးပွားရေးကော်မရှင်နှင့်ကော်မရှင်တွင်ပါရှိသော နိုင်ငံများ နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေး၊ ယင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များမျှဝေနိုင်ရေး၊ ပင်လယ်ကမ်းရိုး တန်းနှင့်စပ်လျဉ်းသော ခရီးသွားလုပ်ငန်းများ၊ အားကစားနှင့်စွန့်စားခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ ကော်မရှင်ပါနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသ များသို့ အဆင်ပြေ လွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရေး ဆိုင်ရာကိစ္စ၊ လေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲရေးနှင့် ငွေပေးချေမှုအဆင်ပြေစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် ဥရောပအာရှ စီးပွားရေးကော်မရှင်တွင်ပါဝင်သောနိုင်ငံများရှိ ခရီးသွားအေဂျင်စီများ၊ ခရီးသွား လုပ်ငန်းဆောင်ရွက်နေသူများ အချင်းချင်းချိတ်ဆက်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြသည်။
သတင်းစဉ်
Source From: Myanmar Alin