
02
May
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ
နေပြည်တော် မေ ၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာ ဝန်ကြီးဌာန ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ မေ ၂ ရက် မှ ၄ ရက်အထိ ကျင်းပမည့် အာရှနှင့်ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့် သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ထွက်ခွာသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါကွန်ဖရင့်အား “ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့် အနာဂတ်တွင် အားလုံး ပါဝင်မှု ဖော်ဆောင်နိုင်ရေး အမျိုးသမီးများ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်များ” (“Woman-Led Initiatives Shaping The Future of Inclusive and Sustainable Tourism”) ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးအဆင့်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး သွားမည်ဖြစ်သည်။ ကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းကဏ္ဍတွင် အခွင့်အလမ်းများဖွင့်လှစ်နိုင်ရေး အတွက် အမျိုးသမီးများ၏ဦးဆောင်နိုင်မည့် အစပြုမှုအစီအစဉ်များကို ရှာဖွေဖော်ထုတ်သွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon