
12
Aug
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မင်္ဂလာအဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်း အနုပညာဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် ဩဂုတ် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် မင်္ဂလာ အဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ (Tea for Harmony Yaji Cultural Salon) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွား လာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် Ms. Wang Jiaghong နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က အမှာ စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်တွင် “တရုတ်ရိုးရာလက်ဖက်ခြောက် ပြုလုပ်ခြင်း နည်းပညာနှင့် ဆက်စပ်လူမှုရေးအလေ့အထဓလေ့ထုံးတမ်းများ” ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာတစ်ဝန်းတွင် လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု သည် လူအများစိတ်ဝင်စားမှုရရှိခဲ့သည်ကို သိရှိရပါကြောင်း။
အလားတူ မြန်မာနိုင်ငံတွင်လည်း လက်ဖက်အစို၊ လက်ဖက်အခြောက်များကို အသုံးပြု သည့် လက်ဖက်ရည်ကြမ်းသောက်သုံးခြင်း၊ လက်ဖက်သုပ်စားခြင်းစသည့် အလေ့အထများ ရှိသည့်အတွက် တူညီသည့် ယဉ်ကျေးမှုများရှိပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် မောင်းနှင်အားတစ်ခု ဖြစ်ပါ ကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအကြောင်း ပိုမိုသိရှိလာစေ ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံမှ ပြည်သူများအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းမှ အကျိုး အမြတ်ရရှိစေရန် အကောင်းဆုံးအခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ အတွက် ထိရောက်ပြီး အပြန်အလှန်အကျိုးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Ms. Wang Jiaghong က အမှာစကားပြောကြားပြီး ယူနန်ပြည်နယ်သီချင်းများ၊ ရိုးရာဝတ်စုံများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြန်မာ့ရိုးရာသီချင်း၊ ရုပ်သေးအကများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းနှင့် ယူနန်ပြည်နယ် ခရီးသွားမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခင်းကျင်းပြသထားသည့် ယူနန် ပြည်နယ်ဒေသထွက်ကုန် များနှင့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ် ချန်ကျိမြို့၌ ဩဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ အာဆီယံ-တရုတ်ရက်သတ္တပတ် (ASEAN-China Week-ACW 2024)သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ တရုတ်နိုင်ငံချန်ကျိမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွား ကြသည်။
သတင်းစဉ်
Source From: Kyemon