Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၉

          ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီနှင့် အက်မက်စ်ခရီးသွား လုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

          ယနေ့နံနက်ပိုင်းတွင်(၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အလှည့်ကျအိမ်ရှင်နှင့် အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။

          အဆိုပါအစည်းအဝေးတွင် ဒေသတွင်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ပြည်ဝင် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရေး၊ ဒေသတွင်း ခရီးသွားနေရာများ ချိတ်ဆက်ဆောင်ရွက်ရေး၊ အလှမ်းဝေးသော ခရီးသွားဈေးကွက်များမှ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ တိုးချဲ့ ပျံသန်းမှုများမြှင့်တင်ရေး၊ ကိုဗစ်-၁၉ကပ်ရောဂါအလွန် ဒေသတွင်း ခရီးသွား လုပ်ငန်းများကို ပြန်လည်အသက်ဝင်လာစေရန် အတူတကွပူးပေါင်းဆောင်ရွက်ရေး၊ စီအယ်လ်အမ်ဗွီနိုင်ငံများသို့ မီဒီယာနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များ စီစဉ်ရေး၊ စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ဝက်ဘ်ဆိုက်(သို့မဟုတ်) သတင်းအချက်အလက်ဒေတာ ဘေ့စ်များ တည်ထောင်ရေး၊ နိုင်ငံတကာ ခရီးသွားပွဲများ ကျင်းပခြင်းနှင့် ပူးပေါင်းပြသခြင်းစသည့် ပူးတွဲခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းများ ဆောင်ရွက်ရေး၊ လူမှုရေးမီဒီယာ ပလက်ဖောင်းများမှ တစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေးကမ်ပိန်းများ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးအတည်ပြုကြသည်။

          ထို့ပြင် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၃-၂၀၂၅) အရ အဖွဲ့ဝင်နိုင်ငံများမှ ဒေသတွင်း ခရီးသွားလာရေး ၊ လွယ်ကူချောမွေ့စေရေးနှင့် ဗီဇာများဖြေလျှော့ပေးရေး၊ ဒေသတွင်းခရီးသွားပြပွဲများ ကျင်းပမှုနှင့် အဖွဲ့ဝင်နိုင်ငံများက ပါဝင်ပြသမှုအခြေအနေ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ၂၀၂၅-၂၀၂၆ အဖြစ် သက်တမ်းတိုးပြင်ဆင်မှုနှင့် (၈)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည့်အခြေအနေတို့ကို အတည်ပြုခဲ့ကြသည်။

          အစည်းအဝေးအပြီးတွင် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပူးတွဲ သတင်းထုတ်ပြန်ချက် ထုတ်ပြန်နိုင်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ရန်ကုန်မြို့ အခြေစိုက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: kyemon

Leave a Reply