Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝန်ထမ်းရေးရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဇွန် (၂၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဝန်ထမ်းရေးရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊  COVID-19 ရောဂါကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အပြီးသတ် စီစဉ် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် (၂၈) ရက်နေ့၊ နံနက် ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက      ယခုအခါ COVID-19 ရောဂါကာကွယ်ရေးကို အထူးအလေးထားဆောင်ရွက်နေရသဖြင့် ဝန်ထမ်းများအနေဖြင့် ရုံးတက်/ ရုံးဆင်း၊ ရုံးလုပ်ငန်းခွင်အတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် COVID-19  ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ နေထိုင်သွားရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်(၃)ဆင့် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး၊ ပထမအဆင့်အနေဖြင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ခရီးစဉ်ဒေသအသီးသီး၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အထိုက် အလျောက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် ပြည်တွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရေး Pilot Project များကို ခရီးစဉ်ဒေသများ၌ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအဆင့်အနေဖြင့် Inbound Tourism ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှုရှိပြီးဖြစ်သော တရုတ်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံသား ခရီးသည်များကို ဖိတ်ခေါ်ရန်နှင့် ၎င်းတို့ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် လိုအပ်ချက်များကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းညှိနှိုင်း စီစဉ်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။ မကြာမီ ကျင်းပပြုလုပ်မည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ် သည့် နိုင်ငံတော်အဆင့် အစည်းအဝေးဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါ ဗဟိုကော်မတီအစည်းအဝေးတွင် တက်ရောက်လာကြမည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများကပါ ဆောင်ရွက်လိုသည့် အကြံဉာဏ် ကောင်းများ၊ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးပြီး လက်တွေ့ ဆောင်ရွက်နိုင်သော လုပ်ငန်းအစီအမံများ ပေါ်ထွက်လာနိုင်စေရေးအတွက် အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply