
13
Mar
ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ပုဂံဒေသ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် မတ် ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင်ပုဂံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို Aureum Palace Hotel and Resort ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသသို့ ပြည်တွင်းခရီးသည်ဝင်ရောက်မှုသည် ယခင် အများဆုံးဝင်ရောက်ခဲ့သည့်ကာလများထက် ကျော်လွန်သွားပြီဖြစ်သော်လည်း ပြည်ပခရီးသည်ဝင်ရောက်မှုမှာ နည်းပါးလျက်ရှိသဖြင့် ပိုမိုတိုးတက်ဝင်ရောက်လာအောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ခရီးသည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသာမက အခြားဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် စည်းမျဉ်းစည်းကမ်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်၏အကျိုး၊ ပြည်သူလူထု၏အကျိုး၊ လုပ်ငန်းရှင်များ၏အကျိုးကို ထိခိုက်နစ်နာမှုမရှိအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုတိုးတက်အောင်မြင်သော ခရီးသွားလုပ်ငန်းဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများကတွေ့ကြုံရသည့် အခက်အခဲများနှင့်လုပ်ငန်း ဆောင်ရွက်မှုကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Heritage Bagan Hotel ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ထိုင်းဘာသာ စကားပြောသင်တန်း သင်ကြားပို့ချနေမှုကို သွားရောက် ကြည့်ရှုခဲ့ပြီး ပုဂံလေဆိပ်သို့သွားရောက်ကာ လေဆိပ်အတွင်းပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များကို အဆင်ပြေလွယ်ကူချောမွေ့စွာ သိရှိနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Bagan Information and Training Center(BITC)သို့ သွားရောက်ကာ သတင်းပြန်ကြားရေးကောင်တာ ဖွင့်လှစ်ထားရှိမှုကိုကြည့်ရှုပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှဝန်ထမ်းများကိုတွေ့ဆုံပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon