Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ “Civics vs Ethics : Sustainable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ပြည်သူ့နီတိသည် ပြည်သူပြည်သားများ အကျိုးစီးပွား တိုးတက်စေရန် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သော အသိ၊ အပြုအမူများကို စနစ်တကျဝေဖန် ပိုင်းခြား ကျင့်သုံးတတ်ရန်၊ လူ့အခွင့်အရေးများကို တန်ဖိုး ထားလေးစား ပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးတတ်ရန်၊ နိုင်ငံ့သား ကောင်းအဖြစ် သာမက ကမ္ဘာ့နိုင်ငံသားတစ်ဦးအဖြစ် တန်ဖိုးထားပြုမူ နေထိုင်တတ်ရန် ဖြစ်ပါ ကြောင်း၊ ပြည်သူ့နီတိတွင် လူမှု ကျင့်ဝတ် နယ်ပယ်၊ အခွင့်အရေးနှင့် တာဝန်နယ်ပယ်၊ စည်းကမ်းနှင့် ဥပဒေနယ်ပယ်နှင့်  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်း နယ်ပယ်ဟူ၍  နယ်ပယ် (၄) ရပ်ရှိပါ ကြောင်း။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကလည်း ဒေသခံများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေပြီး ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု  အမွေအနှစ်များ အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို လျှော့ချရန်နှင့် ကမ္ဘာ့နိုင်ငံ အားလုံးအကြား စီးပွားရေး သာယာ ဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် နားလည်မှုတို့ကို ချဲ့ထွင် နိုင်ရန် ရည်ရွယ်ပြီး “ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ကျင့်ဝတ်များ” (Global Code of Ethics for Tourism) ကို ချမှတ်ရေးဆွဲ ထားရှိ ပါကြောင်း၊ ခရီးသွား ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြသူများ၏ တာဝန်ရှိမှု၊ တာဝန်သိမှုသည်လည်း ခရီးသွား လုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါ ကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့နီတိအကြောင်း သိကောင်းစရာများ၊ ခရီးသွားကျင့်ဝတ်များ၊ ခရီးသွား လုပ်ငန်း နယ်ပယ်ရှိ စီးပွားရေးဆိုင်ရာကျင့်ဝတ်များ၊ လူ့အဖွဲ့ အစည်းနှင့် ပရဟိတစသော ခေါင်းစဉ် အသီးသီးကို သေချာစွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းဇေယျာထွန်းတို့က Keynote Speaker များအဖြစ် ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ပြည်သူ့နီတိဆိုင်ရာ ပညာပေးခြင်း၊ ခရီးသွား ဧည့်သည်များ၏ ကျင့်ဝတ်များ၊ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း အဖွဲ့အစည်းများ၏ ကျင့်ဝတ်များ၊ ဒေသခံပြည်သူများနှင့် စေတနာ့ ဝန်ထမ်းများ၏ ကျင့်ဝတ်များစသည့် ခေါင်းစဉ်များဖြင့် အဖွဲ့ (၄) ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး အဖွဲ့ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စကားဝိုင်း ဆွေးနွေးမှုများ ပြုလုပ်သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလာဒ်များကို အကျဉ်းချုပ် ရှင်းလင်းတင်ပြ ပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယင်းနောက် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက် ကိုယ်စားပြုသူများကို ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) Source From: Ministry of Information

Leave a Reply