16
Mar
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ(၂၀၂၂)၊ ပြည်တွင်းနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၂) တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ခရီးသွားလုပ်ငန်းသုတေသန စကားဝိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ (၂၀၂၂)၊ ပြည်တွင်းနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၂) တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ခရီးသွားလုပ်ငန်းသုတေ သန စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေ သနစီမံကိန်းမှတစ်ဆင့် ခရီးသွားစာရင်းအင်း အချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်း အချက်အလက်များ၊ ပြည်တွင်းနှင့် ပြည်ဝင် ခရီးသွားစစ်တမ်း-၂၀၂၂ ကောက်ယူတွေ့ရှိချက်များကို မိတ်ဆက်ခြင်းဖြစ်ပါကြောင်း။
ယခုစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) အထောက် အပံ့ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ စာရင်းအင်း အချက်အလက်များ ပိုမိုတိကျ အားကောင်းခိုင်မာလာစေရန် အထောက်အပံ့ဖြစ်စေ ကြောင်း၊ စီမံကိန်းကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေပြီး ခရီးသွားလုပ်ငန်းစျေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အချက်အလက်များ၊ ကိန်းဂဏန်းများဖြင့် ဖော်ထုတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အစီအစဉ်များနှင့် မဟာဗျူဟာများ ချမှတ် နိုင်ရန်၊ သတ်မှတ်စျေးကွက်ရှာဖွေ နိုင်ရန် စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် များနှင့် နှစ်အလိုက်စီမံချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ် ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမျိုးသားအဆင့် စီမံကိန်းများပါ ပန်းတိုင်များနှင့် ဦးတည် ချက်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ညွှန်းကိန်းများ ဖော်ဆောင်နိုင်ရေးအတွက် ယခုစီမံကိန်းမှ ရရှိသော စာရင်းအင်းအချက်အလက်များသည် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူး၊ နိုင်ငံတော်၏ စီးပွားရေးအပေါ် အထောက်အကူပေးနိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ ဆင့်ပွားအကျိုး သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ကြောင်း။
ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် မှန်ကန်တိကျသော မူဝါဒများ၊ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်နိုင် စေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနကဏ္ဍ၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်းသုတေသနဌာနမှ သုတေသနပညာရှင် အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအချက်အလက်များနှင့် စစ်တမ်းကောက်ယူတွေ့ရှိ ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်း သုတေသနလုပ်ငန်းစကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနးသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ နေပြည်တော် ဆက်ဆံရေးရုံးမှ ညွှန်ကြားရေးမှူး Mr. Bai Yunfeng ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ရေးလုပ်ငန်းအဖွဲ့ဝင် များ၊ စီမံကိန်းမှ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ပညာသင်ကြားနေသော တက္ကသိုလ်/ ကောလိပ်များမှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများနှင့် ဟိုတယ်များမှ တာဝန်ရှိသူများက Hybrid စနစ်ဖြင့် ပါဝင်တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်
Source From: Myanmar Alin