Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ(ပထမငါးလအတွင်း) ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းခန့်ဝင်ရောက်ခဲ့ ယခင်နှစ်အလားတူကာလအတွင်း ခရီးသွားဧည့်သည်ရောက်ရှိမှုနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာ

နေပြည်တော် ဇွန် ၂၁ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ဆွေးနွေးဖော်ထုတ်အဖြေရှာ ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အခြားနိုင်ငံများ နည်းတူ ထိထိရောက်ရောက်နှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့်လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ်အဖြေရှာနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် (၁ ဒသမ ၃) ဘီလီယံ ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ထရီလီယံအထိ ရရှိခဲ့သည်ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကိုဗစ်-၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်သွားမည့် အလားအလာများကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ရလဒ်ကောင်းများ ထွက်ပေါ်စေသည့် အဓိကအကြောင်းအချက်များမှာ ပြင်းပြသည့် ခရီးသွားလိုအား (travel demand) ဆက်လက်တိုးတက်ဖြစ်ပေါ်နေမှု၊ လေကြောင်း ဆက်သွယ်ရေးပိုမိုတိုးတက်လာမှုနှင့် ဗီဇာအစရှိသည့် ဝင်/ထွက်သွားလာမှု လွယ်ကူချောမွေ့စေရန် ဖြေလျှော့ပေးမှုများကြောင့်ဟု သိရှိရပါကြောင်း။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက် ခဲ့သည့် ၂ သိန်း ၃ သောင်းကျော်နှင့်နှိုင်းယှဉ်ပါက (၄)ဆခွဲတိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း) ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်အလားတူ ကာလအတွင်း ခရီးသွားဧည့်သည် ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါ က ၆၃ ရာခိုင်နှုန်းအထိ သိသိ သာသာ တိုးတက်လာခဲ့ပါကြောင်း၊ အဆိုပါတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရ မည်ဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်မီ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည် ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကြုံတွေ့ နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရေးနှင့် ခရီးစဉ်ဒေသများအလိုက် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဆင့်အတန်းမြင့်မားတိုးတက်လာစေရန်အတွက် ခရီးစဉ်ဒေသများတွင် ခရီးစဉ် ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ဦးစားပေးဒေသအလိုက် ကျင်းပပြုလုပ်ပေးနေသည်ဟု သိရှိရပါကြောင်း၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများမှ ဖော်ထုတ်ရရှိချက်များအနက် ဆက်လက်ဆောင်ရွက်ရန် လိုအပ် သည်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များဖြင့် ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်းလိုပါကြောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အလားတူ အလုပ်ရုံဆွေးနွေးပွဲများကို အချိန်အခါ အလိုက် အခွင့်လျဉ်းသင့်သလို ဆက်လက်ကျင်းပပြီး ခရီးစဉ်ဒေသများစနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။ အမျိုးသားအားကစားပွဲတော်ကျင်းပမည် မြန်မာနိုင်ငံအနေဖြင့် လာမည့်ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ရည်ရွယ်ချက်ကောင်းများစွာဖြင့် ကျင်းပမည် ဖြစ်သည့်အတွက် အားလုံးအဆင့်မီမီ အင်ပြည့်အားပြည့်ပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံအဆင့်ပွဲတော်ကြီး ဆောင်ရွက်မည့်ကိစ္စရပ်ကို ဗဟို ကော်မတီဝင်များက သိရှိမှတ်သားပြီး လိုအပ်သည့် အစီအမံများဆောင်ရွက်သွားရေး၊ ပြည်တွင်း ပြည်ပအားကစားသမားများ၊ ခရီးသွားဧည့်သည်များ ကြိုတင်သိရှိစေရန် မြှင့်တင်ကြော်ငြာရေးနှင့် လာရောက်ကြည့်ရှုအားပေးရန် ဖိတ်ခေါ်ရေးတို့ကို မျှော်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဈေးကွက်ရှာဖွေမြှင့်တင်ရေး နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာအသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေး ချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်၊ MSMEs လုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန်ကိုလည်း ကာလရှည်ရည်မှန်းချက်တစ်ခုအဖြစ် ချမှတ်ဆောင်ရွက်သွားရန်၊ ဒေသထွက်အစား အသောက် များနှင့်တိုင်းရင်းသားရိုးရာအစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဒေသခံများနှင့်လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိတွင် အဓိကခရီးစဉ်ဒေသများကို ဝင်/ထွက်သွားလာရာတွင် အချက်အချာကျသည့် ကျိုင်းတုံ၊ ပုသိမ်၊ တာချီလိတ် စသည့်မြို့များရှိ လေဆိပ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် လေကြောင်းခရီးစဉ်နှင့် ပြည်ပခရီးသွားများ ဝင်ရောက် လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများအပါအဝင် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသည် ပိုမိုလာရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ အဓိက ခရီးသွားစျေးကွက်ဝင်နိုင်ငံများနှင့် အလားအလာရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုရရှိရန် ပြည်ဝင်ဗီဇာလွယ်ကူရေး လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် မိမိတို့၏ ဗဟိုကော်မတီအနေဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးသွားဧည့်သည်များအကြားတွင် နိုင်ငံတကာ ခရီးစဉ်ဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဒေသခံ တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး စသည်တို့ကို ဆက်စပ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာတတ်သိ ပညာရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် အားလုံးညှိနှိုင်းပေါင်းစပ်ပြီး တက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။ ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွား လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ဖတ်ကြားတင်ပြအတည်ပြုချက်ရယူ ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကဗဟိုကော်မတီ(၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ပြီးစီးမှု၊ ခရီးသွားလုပ်ငန်းကော်မတီတွင်အဖွဲ့ဝင် (၁)ဦး အစားထိုး ပြင်ဆင်ဖွဲ့စည်းမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၉)ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်များကို ဆောင်ရွက်ရန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နှင့်ဒေသတွင်း မြို့/ခရိုင်များ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားခွင့်ပြုရန်၊ ထူးခြားဖြစ်စဉ်များ အသိပေးရန်၊ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) အား မပျက်မကွက်အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် အသုံးပြုခြင်းမရှိပါက အရေးယူဆောင်ရွက်သွားရန်၊ လုပ်ငန်းလိုင်စင် ရယူခြင်းမရှိဘဲ ပြည်တွင်း၊ ပြည်ပဧည့်သည်များ အားအခကြေးငွေဖြင့် တည်းခိုနေထိုင်နိုင်ရေး ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအား အရေးယူ ဆောင်ရွက်ရန်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်သည့် ကမ်းခြေခရီးစဉ်ဒေသများအဖြစ် သတ်မှတ်နိုင်ရန်အခြေအနေတို့ကို ဖတ်ကြားတင်ပြပြီး အတည်ပြု ချက်ရယူသည်။ ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။   သတင်းစဉ် Source From: MOI Website  

Leave a Reply