02
Aug
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ ဆွေးနွေး
နေပြည်တော် ဩဂုတ် ၁
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေး အဖွဲ့အစည်း (Thai Business Association of Myanmar- TBAM) President, Mr. Nuttaphong Visitkitchakarn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှု
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများလည်း ပြေးဆွဲပျံသန်းလျက်ရှိကြောင်း၊ မြန်မာ – ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒုတိယနေရာ၌ရှိပြီး ပိုမိုရင်းနှီးမြှုပ်နှံလာကြမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
စီးပွားရေးပူးပေါင်း ဆောင်ရွက်
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေး အဖွဲ့အစည်းက မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ပံ့ပိုး ဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်နေမှုနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။
သတင်းစဉ်
Source From: Myanma Alinn