27
Jan
ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ (၂၇) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေ(၂၀၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသအသီးသီးတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဟန်ချက်ညီညီ စနစ်တကျနှင့်ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက်လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှပ်နှံကြမည့် လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေစွာ လုပ်ကိုင်နိုင် စေရန်အတွက်လည်းကောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက် အပံ့ကောင်းများ ရရှိလာနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်ရေးဆွဲ သွားမည့် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသရှိ “Amazing Nagpali Resort’’ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၅.၁.၂၀၂၀ ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့ ကော်မတီဉက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (စစ်တွေ) ရုံးခွဲမှ ညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး အခွန် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ရန်အတွက် ပြည်ပမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော UNDP အဖွဲ့မှ ထောက်ပံ့ပေးခဲ့မှုနှင့် ပြည်တွင်း အဖွဲ့ အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စီစဉ်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ပြောကြားခဲ့ပါသည်။
၄င်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား အဆင်ပြေစွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက်အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ ပေးခဲ့ကြသော ပြည်တွင်း မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့် ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြပါ သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ Pacific Asia Travel Association(PATA) ၏ Director ဖြစ်သူ Mr.Graham Leith Harper မှ “ Achieving Sustainable Tourism Development “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNDP အဖွဲ့၏ Chief Technical Advisor ဖြစ်သူ Mr.Singay Dorji မှ “Environment and Social Management for a Responsible and Inclusive Tourism” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Myanmar Centre for Responsible Business (MCRB) ၏ Senior Associate ဖြစ်သူ ဉီးဝင်းမင်းမှ “ Opportunities and Challenges for Sustainable Tourism Development in Rakhine State” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (စစ်တွေ)ရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဉီးရဲအောင်မိုးက ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သော ခရီးသွားလုပ်ငန်း ကဏ္ဍ အခြေအနေများ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက်နိုင် ခဲ့မှုအခြေအနေများနှင့် ပြည်နယ်အတွင်းမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာရှိသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်၏ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်းအား တာဝန်ယူရေးဆွဲသွားမည့် Consultant ဖြစ်သူ ဒေါ်လင်းလင်းက ရခိုင်ပြည်နယ် ၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းတစ်ခု ပေါ်ထွက် လာရေး အစီအစဉ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။
၄င်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့လိုက်ဆွေးနွေးနိုင်ရန်အတွက် ရွေးချယ်ထားရှိသော ခေါင်းစဉ် ၆ ခုဖြစ်သည့် “ Tourism Planning & Product Development”, “Tourism Legal Framework Development”, Tourism Infrastructure Development & Tourism Financial Development”, “Tourism Human Resource Development”, “Social & Environmental Responsibility in Tourism Development”, “Positioning, Branding, Marketing of Rakhine State” ခေါင်းစဉ်အသီးသီးကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် သတ်မှတ်ပေးထားသည့် အဖွဲ့လိုက် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။