Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးနှင့် အဓိကခရီးစဉ်ဒေသများတွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၆ ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးနှင့် အဓိကခရီးစဉ်ဒေသများ တွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်း ဖော်ဆောင် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်များ လွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန်အတွက် ဗီဇာဖြေလျော့မှုများ၊ ငွေကြေးလဲလှယ်မှုများ၊ ငွေပေးချေရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသော ခရီးသွားလုပ်ငန်းအများစုသည် ယဉ်ကျေးမှုနှင့် တောတောင်ရေမြေသဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစား ခရီးသွားလုပ်ငန်း၊ ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအနေဖြင့် လက်ရှိဆောင်ရွက်နေမှုများကိုအခြေခံ၍ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အဓိကခရီးစဉ်ဒေသများတွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။   သတင်းစဉ် Source From: Kyemon

Leave a Reply