29
Dec
သံတွဲခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) အစည်းအဝေးကျင်းပပြုလုပ်ခြင်း
နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ရက်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉.၁၂.၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ သံတွဲခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ခရီးသွားလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲရုံးခွဲတာဝန်ခံတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲရုံးခွဲတာဝန်ခံမှ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဒေသတွင်းရှိရင်းစွဲခရီးစဉ်နေရာများကို ရေရှည်တည်တံ့စေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ဝိုင်းဝန်းထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ ခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စနစ်တကျရှိစေရေးနှင့် လုံခြုံမှုရှိစေရေးဆိုင်ရာကိစ္စရပ်များ၊ COVID-19 ကာလအတွင်းဖွင့်လှစ်မည့် လိုင်စင်ရဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ကျန်းမာရေးနှင့်အညီစနစ်တကျဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ခရီးစဉ်နေရာအသစ်များဖော်ထုတ်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြှင့်တင်ကြော်ငြာခြင်းဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာခရီးစဉ်ဒေသအတွက် တစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် Action Plan ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ ဌာနမှ ခွင့်ပြုထုတ်ပေးနေသည့် လိုင်စင်အရပ်ရပ်အတွက် ကြီးကြပ်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ COVID-19 ကာလအတွင်းနှင့် COVID-19 အလွန်ကာလတို့အတွက် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်နေသည့် အစီအမံများနှင့် အထောက်အကူပြုလုပ်ငန်းစီမံချက်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသောကော်မတီအဖွဲ့ဝင်များမှ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသအသစ်များဖော်ဆောင်နိုင်မယ့် အခြေအနေများ၊ တစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် Action Plan ရေးဆွဲနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။