20
Dec
ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းသုံးမျိုးဖွင့်ပွဲနှင့် ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းအမှတ်စဉ် (၆၄) သင်တန်းဖွင့်ပွဲ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၉
အာဆီယံ – ဂျပန် ဗဟိုဌာန၏ ကူညီထောက်ပံ့မှုဖြင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း သုံးမျိုး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့် သင်တန်း၌ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း သုံးမျိုးဖြစ်သော ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတို့ပါဝင်ကြောင်း၊ ယခုကဲ့သို့သင်တန်းကို ပုဂံမြို့တွင်လည်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အာဆီယံ-ဂျပန်ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများစွာရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများကို လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပေးသော စာတွေ့/လက်တွေ့ ဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူကြပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်ရေး ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းအလိုက် သင်ကြားပို့ချနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည့် ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းအမှတ်စဉ်(၆၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ ဝန်ကြီးဌာနမှ National Guide သင်တန်းများ၊ Regional Guide သင်တန်းများဖွင့်လှစ်ပေးနေမှု၊ ဧည့်လမ်း ညွှန်လိုင်စင်သက်တမ်းလွန်သူများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနေမှု၊ ဧည့်လမ်းညွှန်တစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်များနှင့် အရေးပါမှုများ၊ ဧည့်လမ်းညွှန် ကောင်းများဖြစ်အောင် ကြိုးစားလေ့လာသွားကြရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မုန့်ဖုတ်သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် လက်တွေ့ သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon