Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၉ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော “Center for Tourism Development (Keng Tung)” စီမံကိန်း၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း တည်ဆောက်ရေးနှင့် ဟိုတယ် နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြို့ရှိ Amazing Hotel ၌ ကျင်းပသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံဒေသရှိ ခရိုင်နှင့် မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး (Destination Management Organization- DMO) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျိုင်းတုံတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင် များနှင့် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center for Tourism Development စီမံကိန်းသည် ခရီးသွားလုပ်ငန်းအရင်းအမြစ်ပေါများသော ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ခရီးသွားကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ပညာရပ်များကို သင်ကြားပေးနိုင်မည့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတစ်ခုကို တည်ထောင်ရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်း ကျောင်း ဆောက်လုပ်နေမှုနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်ကို လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရရှိရေးဆောင်ရွက်ချက်များကို လည်းကောင်း ရှင်လင်းတင်ပြပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကြသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌက  ကျိုင်းတုံခရီးစဉ်ဒေသရှိ ခရီးသွားဆွဲဆောင်ရာနေရာ များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းများခေါင်းစဉ်ဖြင့် ဆွေးနွေး ပြီး အဖွဲ့လေးဖွဲ့ခွဲကာ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ ဆွေးနွေးပွဲ ရလဒ်များကို သုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ကြသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် နိုင်ငံပိုင်ဟိုတယ်ဖြစ်သည့် ကျိုင်းတုံပါရာ ဒိုက်(စ်) ဟိုတယ်သို့ သွားရောက်၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ကျိုင်းတုံရုံးမြေနေရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်နေသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်း ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ (သတင်းစဉ်) Source From: Myawady

Leave a Reply