Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ Luxembourg Agency for Development Cooperation (Lux Dev) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော စီမံကိန်း MYA/001 ဆိုင်ရာ Project Steering Committee ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ (၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံအစိုးရလူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း MYA/001 ဆိုင်ရာ Project Steering Committee ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ နီလာအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ လူဇင်ဘတ်နိုင်ငံ ဥရောပရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လူဇင်ဘတ်ဖွံ့ဖြိုး တိုးတက်မှုအေဂျင်စီမှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံအစိုးရ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီးဌာနတို့သည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် Protocol ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ Protocol အရစီမံကိန်း MYA/001 ကို လူဇင်ဘတ်နိုင်ငံအစိုးရ၏ နည်းပညာ ထောက်ပံ့မှု ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကာလ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း၌ အုပ်ချုပ်မှု၊ ပညာရေးနှင့် ပုဂ္ဂလိကကဏ္ဍတို့၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီထောက်ပံ့ရေး စီမံကိန်း ဖြစ်ပါကြောင်း၊ စီမံကိန်းအောင်မြင်စွာပြီးမြောက်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာပုဂ္ဂလိကအဖွဲ့အစည်းများမှ လိုအပ်သောအကြံဉာဏ်နှင့် ပံ့ပိုးမှုများပေးစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း ပြင်ဆင်ရေး ဆွဲရေးနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်မွေးပညာသင်ကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် တို့တွင် ခရီးသွားလုပ်ငန်း ဘာသာရပ်များ တိုးမြှင့်ဖွင့်လှစ်သင်ကြားရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးတွင် မပြီးပြတ်သေးသည့်စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် စီမံကိန်းသက်တမ်းကို (၁၈) လ ထပ်မံ တိုးမြှင့်ရေး ဆွေးနွေးသဘောတူခဲ့ကြပါသည်။

စီမံကိန်း MYA/001 သည် လူဇင်ဘတ်နိုင်ငံအစိုးရ၏ နည်းပညာထောက်ပံ့မှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ အုပ်ချုပ်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်နှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီထောက်ပံ့ရေးများ ဆောင်ရွက်ပေးသော စီမံကိန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply