Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်အား Myanmar Japon Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Yutaka Nagasugi က မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုများ (MJ+ Plus Business Economic November 2019 Vol-63 တွင် ဖော်ပြချက်)

Yutaka Nagasugi: ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံလိုက်ရတယ် ဆိုတာ ကြားလိုက်ရတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဘယ်လိုခံစားချက် ဖြစ်ပေါ်ပါသလဲ ခင်ဗျာ။

U Ohn Maung:  ပုဂံသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သင့်သည်မှာ ကြာပါပြီ။ ကျွန်တော်တို့ နိုင်ငံ၏ ခရီးသွားလုပ်ငန်းစတင် သန္ဓေတည်ပေါက်ဖွားရာ အဓိကခရီးသွားဆွဲဆောင်မှု ရှေးဟောင်း နယ်မြေလည်းဖြစ်ပါ၍ ယခုကဲ့သို့ သတ်မှတ်ခြင်းခံရသည်ကို အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ရ ပါတယ်။

Yutaka Nagasugi: ပုဂံမှာ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်တဲ့ နေရာ (၅) ခုကို ရွေးချယ်ပေးရ မယ်ဆိုရင် ဘယ်နေရာများဖြစ်လိမ့်မလဲ။ ဒါ့အပြင် လည်ပတ်ဖို့နေရာအပြင် ဥပမာ- အရသာရှိတဲ့ ထမင်းဟင်းတို့ကို သုံးဆောင်နိုင်မယ့် ပုဂံဒေသရဲ့ အရောင်းအဝယ်နှင့် ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေရှိမယ်ဆိုရင် ပြောပြပေးပါ ခင်ဗျာ။

U Ohn Maung:  ပုဂံမှာ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်တဲ့နေရာငါးခုအနက် လေးခုကို အရင်ပြောပြပါမယ်။ အဲဒါတွေကတော့ ထူးခြားထင်ရှားသော ဝိသေသလက္ခဏာများဖြင့် ပြည့်စုံတဲ့ ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗေညု၊ ဓမ္မရံကြီးဘုရားများပဲ ဖြစ်ပါတယ်။ ရွှေစည်းခုံဘုရားကတော့ ရွှေရောင်များနဲ့ တောက်ပပြီး ပုဂံမှာ အလှဆုံးနှင့် ပထမဆုံးတည်ခဲ့တဲ့ဘုရားဖြစ်ပါတယ်။ အာနန္ဒာလို့ ဆိုတဲ့အတိုင်း အနုစိတ်တွေနဲ့ အလွန့်အလွန်ကို လက်ရာမြောက်စွာ တည်ဆောက်ထားတဲ့ ပုထိုး တစ်ဆူဖြစ်ပါတယ်။ သဗ္ဗေညုဘုရားကတော့ဖြင့် ကြီးမားပြီးတော့ လေ့လာစရာကောင်းတာတွေရှိ ပါတယ်။ ထုမှာ ဓမ္မရံကြီးလို့ ပြောတဲ့အတိုင်းပဲ ဓမ္မရံကြီးဘုရားဟာ ပုဂံမှာ ထုထည်အကြီးဆုံးသော  ပုထိုးကြီးဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ ပုထိုးဖြစ်ရုံသာမက သူ့ရဲ့လက်ရာကလည်း အရမ်းကို ပြောင်မြောက်ပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ခုကတော့ ဂူပြောက်ကြီးဘုရားဖြစ်ပါတယ်။ ဂူပျောက်ကြီးကတော့ နှစ်ခုရှိတဲ့အနက် မြင်းကမ္ဘာ ဂူပြောက်ကြီးဖြစ်ပါတယ်။ အဲဒီဂူပြောက်ကြီးထဲ ကို ဝင်သွားလို့ရှိရင် ၁၁ ရာစုအကုန် ၁၂ ရာစုမှာ တည်ဆောက်ထားခဲ့တဲ့ ပုထိုးတစ်ဆူတည်းမှာရှိတဲ့ အလွန့်အလွန်မှ လက်ရာမြောက်ပြီး အရောင်စုံတဲ့ နံရံဆေးရေး ပန်းချီများကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရာယွန်းထည်လုပ်ငန်းများနှင့် ယွန်းထည်များဟာ ပုဂံရဲ့ အထူးခြားဆုံး ရိုးရာလက်မှု ပညာရပ်များဖြစ်ပါတယ်။ ပုဂံဒေသအပြင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ တခြား နေရာများကတော့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့သုံးမြို့ဖြစ်ပါတယ်။ ဒီမြို့သုံးမြို့ဟာ ပျူခေတ်မှာ ထွန်းကားခဲ့တဲ့အတွက် ပျူအမွေအနှစ်လို့လည်း ပြောလို့ရပါတယ်။ ဒီနေရာတွေကို လူ အများသိအောင် မြှင့်တင်ခြင်း များကတော့ ရှေ့လျှောက်ခရီးသွားဝန်ကြီးဌာနအနေနဲ့ တခြား ဆက်စပ်ဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

Yutaka Nagasugi: ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံတို့မှာ အစိုးရမှ ပြည်သူပိုင်လုပ်ငန်းများမှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ပေးပြီး ဂျပန်လူမျိုးများကို အဓိကထားသော Inbound ခရီးသွား လုပ်ငန်းကို PR လုပ်ပေးနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ အစိုးရအနေနဲ့ အခုလို လှုပ်ရှားဆောင်ရွက်ပေးမှုကို ပြုလုပ်နေတဲ့အစီအစဉ် ရှိပါသလားခင်ဗျာ။

U Ohn Maung:  ထိုင်းနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံရဲ့ ခရီးသွားနဲ့ပတ်သက်ရင် Role Model ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခရီးသွားကဏ္ဍက အရမ်းအောင်မြင်ပါတယ်။ သူတို့ရဲ့ PR လှုပ်ရှားမှုတွေကလည်း အရမ်း ကောင်းမွန်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားအာဏာပိုင်ဖြစ်တဲ့ TAT (Tourism Authority of Thailand) နဲ့လည်း ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်တာတွေရှိပါတယ်။ ယခုလည်း ဂျပန်စျေးကွက်ထိုးဖောက်နိုင်ရေးအတွက် မြှင့်တင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ Digital Marketing မှာလဲ ဂျပန်ဘာသာစတဲ့ ဘာသာစကား ၁၂ မျိုးဖြင့် ကြေငြာခြင်းများ ဆောင်ရွက်နေပါတယ်။ မြန်မာပြည်အနေနဲ့ ဒီလိုကြီးကြီးမားမားလုပ်ဆောင်ဖို့ကိုလည်း ရှေ့လျှောက် ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီးတော့ တိုက်တွန်းလုပ်ဆောင်လို့ ရပါတယ်။

Yutaka Nagasugi: Inbound, Outbound ဘယ်အရာကိုပိုပြီး အားထုတ်လုပ်ဆောင်နေပါသလဲ။ အဲ့ဒီအရာတွေနှင့် ပတ်သက်တဲ့ စီမံကိန်းတွေရှိပါသလား ခင်ဗျာ။

U Ohn Maung:  ကျွန်တော်တို့ မြန်မာအနေနဲ့ကတော့ ဧရိယာအားဖြင့် ကျယ်ဝန်းပြီး ယဉ်ကျေးမှုနဲ့ သဘာဝအရင်းအမြစ်များစွာ ကြွယ်ဝတဲ့အတွက် နိုင်ငံတကာမှ ခရီးသွားများကို လေ့လာခံစားစေချင် လို့ ဦးစွာ နိုင်ငံတကာမှ လာရောက်မယ့် Inbound များကို အထူးအားထားလုပ်ဆောင်နေပါတယ်။ အခုအချိန်မှာတော့ MTF လို့ခေါ်တဲ့ Myanmar Tourism Federation ရဲ့ အောက်မှာ Myanmar Tourism Marketing ဆိုတာရှိပြီးတော့ ဒီအသင်းကနေပြီးတော့ ဒီအဖွဲ့ဝင်များအားလုံးနဲ့ နိုင်ငံတော် အတွက်ကို Destination Marketing လို့ခေါ်တဲ့ စီမံကိန်းတွေနဲ့ လုပ်ဆောင်လျက်ရှိပါတယ်။

Yutaka Nagasugi: ယေဘူယျအားဖြင့် သိပ်ပြီးတော့ လူသိနည်းပါးသေးတဲ့ မြန်မာပြည်တွင်းက ခရီးသွားစေချင်တဲ့ နေရာတွေရှိမယ်ဆိုရင် လမ်းညွှန်ပေးစေလိုပါတယ် ခင်ဗျာ။

U Ohn Maung:  သိပ်ပြီးလူသိနည်းနေသေးတဲ့ မြန်မာပြည်ဒေသမှာရှိတဲ့ ခရီးစဉ်ဒေသများကို ပြောရ မယ်ဆိုရင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တောင်ဘက်ပိုင်းမှာရှိတဲ့ မြိတ်ကျွန်းစုတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာတွေကို ပိုပြီးလူသိများအောင် နိုင်ငံတကာအကူအညီနဲ့ promotion လုပ်ငန်းတွေကို ဆောင်ရွက်နေတာရှိသလို ဒေသဆိုင်ရာ အာဏာပိုင်များမှာလည်း Tourism Board ဆိုတာ ဖွဲ့ထားပြီးတော့ အဲဒီ Tourism Board များက နေပြီးတော့ ကောင်းမွန်အောင် လုပ်ဆောင်လျှက်ရှိ ပါတယ်။

Yutaka Nagasugi: ဘန်ကောက်ကနေ ပုဂံကို တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းမယ်လို့ဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ပုဂံကို လာရောက်လည်ပတ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အကြောင်း အရာတွေ ဖြစ်ပေါ်လာပြီလို့ ဆိုနိုင်မလား ခင်ဗျာ။

U Ohn Maung:  ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသည် ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက် လည်ပတ်သည့် ဒေသတစ်ခုဖြစ်ပါသည်။ ပုဂံဒေသသို့ လေကြောင်းခရီးဖြင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်နိုင်ရေးအတွက် ပုဂံညောင်ဦးလေဆိပ်ကို Eco Airport အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကနဦးဖြစ်နိုင်ချေ လေ့လာဆန်းစစ်ခြင်း (Feasibility Study)  ကို ၂၀၁၈ ခုနှစ်က ဆောင်ရွက်ခဲ့တာ လို့ သိရပါတယ်။ ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၆.၇.၂၀၁၉ ရက်နေ့တွင် UNESCO က သတ်မှတ်ခဲ့သဖြင့် ကမ္ဘာ့တစ်ဝှမ်းလုံးမှကမ္ဘာလှည့်ခရီးသည်များ ပိုမိုစိတ်ဝင်စားမှုရှိ လာပြီးကမ္ဘာလှည့် ခရီးသည် လာရောက်မှု ယခင်ကထက် များပြားလာမည်ဟု မျှော်မှန်းထားပါသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ လာရောက်လည်ပတ်မည့် ခရီးသည်များအချိန်တိုအတွင်း လာရောက်နိုင်ရန် ပုဂံ-ညောင်ဦး လေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်သည့် Customs၊ Immigration၊ Quarantine(CIQ) ဝန်ဆောင်မှုပေးနိုင်သည့် အကောက်ခွန်လေဆိပ် (Custom Aerodrome) အဖြစ် အဆင့်မြှင့်တင်ပြီး ၂၀၁၉ ခုနှစ် ပွင့်လင်းရာသီအမှီ ဖွင့်လှစ်နိုင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလဲ သိရပါတယ်။

Yutaka Nagasugi: ရန်ကုန်ကနေ ပုဂံကို လေယာဉ်နှင့် သွားသည့်ခရီးစဉ်နှင့် မြန်မာကနေ ထိုင်းကို သွားတဲ့ခရီးစဉ် အဲဒီ(၂) ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် ပြည်တွင်းခရီးစဉ်တွေရဲ့ လေယာဉ်လက်မှတ်ခ စျေးနှုန်းကပိုများ နေတယ် လို့ ပြောသံကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသလဲ ခင်ဗျာ။ ဒါ့အပြင် နိုင်ငံခြားသားတွေအတွက် စျေးနှုန်းနှင့် မြန်မာလူမျိုးအများ အတွက် စျေးနှုန်းသတ်မှတ်မှု ကွာခြားနေတာကိုလည်း ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ ခင်ဗျာ။

U Ohn Maung:   ဒီမေးခွန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းအချက်အလက်များကို ကိုးကားပြီး ပြောကြားပါမယ်။ မိမိတို့နိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း (၉) လိုင်းရှိပါတယ်။ လက်ရှိ (၄) လိုင်းသာ ပျံသန်းနေပြီး ကျန် (၅) လိုင်းမှာ ပျံသန်းမှု ခေတ္တရပ်ဆိုင်းလျက် ရှိပါသည်။ ပြည်တွင်းလေကြောင်းလိုင်းများ၏ လက်မှတ်ခ စျေးနှုန်းများအနေဖြင့် စျေးကွက်နည်းပါးနေခြင်း၊ လေယာဉ်ဆီစျေးနှုန်းမြင့်တက်ခြင်း စသည့် စရိတ်များကာမိအောင် လေယာဉ်လက်မှတ်စျေးနှုန်းကို အရင်းကြေလက်မှတ်တန်ဖိုးကို တွက်ချက်သတ်မှတ်ကြပါသည်။ ရန်ကုန်-ပုဂံ လက်မှတ်ခထက် ရန်ကုန်-ဘန်ကောက် လက်မှတ်ခတန်ဖိုးနည်းပါးခြင်းမှာ ရန်ကုန်-ဘန်ကောက်ပြေးဆွဲသည့် ခရီးစဉ် များမှာ Low Cost Carrier များဖြစ်ပြီး ယှဉ်ပြိုင်မှုများသော ခရီးစဉ်ဖြစ်၍ စျေးနှုန်းလျှော့ချခြင်း ကြောင့် ဖြစ်ပါသည်။ နိုင်ငံသားနှင့် နိုင်ငံခြားသားလက်မှတ်ခစျေးနှုန်းအနေဖြင့် နိုင်ငံသားကို ကျပ်ငွေ ဖြင့်လည်းကောင်း၊ နိုင်ငံခြားသားကို အမေရိကန်ဒေါ်လာဖြင့်လည်းကောင်းသတ်မှတ်၍ လေကြောင်း လိုင်းများက ရောင်းချခြင်းကြောင့် ဖြစ်ပါသည်။ မိမိနိုင်ငံသားများ လေကြောင်းခရီးကို ပိုမိုအသုံးပြု နိုင်ရန်အတွက် ဖြစ်ကြောင်း သိရပါတယ်။

Yutaka Nagasugi: ဂျပန်နိုင်ငံသားများအတွက် ဗီဇာဖြေလျော့ပေးခြင်းကို ဆက်လက်သက်တမ်း တိုးမြှင့်ပေးသွားဖို့ အစီအစဉ်ရှိပါသလား ခင်ဗျာ။ အဲဒီအကြောင်းအရာနှင့် ပတ်သက်ပြီး နည်းနည်း လောက် ရှင်းပြပေးပါ ခင်ဗျာ။

U Ohn Maung:   မြန်မာနိုင်ငံကို လေကြောင်းဖြင့် လာရောက်မည့် ဂျပန်နိုင်ငံသားကမ္ဘာလှည့်ခရီး သွားများအတွက် (Tourist Visa) ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ခွင့်ပြုထားခြင်းကို ၁.၁၀.၂၀၁၉ ရက်နေ့မှ ၃၀.၉.၂၀၂၀ ရက်နေ့အထိ စမ်းသပ်ကာလ (၁) နှစ် ထပ်မံ၍ သက်တမ်းတိုး ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

About the author

Leave a Reply