Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ (၁၂) ရက် ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အစည်းအဝေးသို့ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ခရီးသွားလုပ်ငန်းကော်မတီဝင်၊ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကော်မတီဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခု အစည်းအဝေးကို ယခင်ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၁၉) ကြိမ်မြောက် ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးမှ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်ခဲ့ မှုများကို သိရှိသုံးသပ်ဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း။ တိုင်း​ဒေသကြီး ပြည်နယ်များတွင် မိမိတို့ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်လာရောက်စေရန်  သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်း၍ ဗီဇာဖြေလျှော့မှုများ၊ Tourism Marketing (Online နှင့် Offline) ဆိုင်ရာများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Online Tourism Promotion အနေဖြင့် Digital Marketing ကို ယခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Offline အနေဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ပြပွဲများ၊ Workshop များ၊ Seminar များ တက်ရောက်ခြင်း၊ ပြသခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်လာ ရောက်မှုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထိ ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အားဖြင့် ၂၃% တိုးတက်လာပါကြောင်း။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရှိသော ခရီးစဉ်ဒေသများတွင် အမှိုက်ကင်းစင်ရေး၊ သန့်စင်ခန်းများလုံလောက်မှုရှိရေးစသဖြင့် ခရီးစဉ်ဒေသဖွံ့ဖြိုးရေးမှာ လိုအပ်တဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ တွေကိုပါထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးစေလိုပါကြောင်း၊  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ပြုစုရေးဆွဲထားခဲ့ပြီး သက်တမ်းကုန်တော့မည့်  Myanmar Tourism Master Plan ကို update လုပ်ရန် ဆောင်ရွက်လျက်ရှိရာ  တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့်လည်း မိမိတို့ ဒေသများတွင် လိုအပ်သည့် ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးရေး အစီအမံများကို စနစ်တကျ နှင့် အကောင်အထည်ဖော်နိုင်ရေးအတွက် Master Plan တွင် ပါရှိအောင်ပေါင်းစပ် ထည့်သွင်းကြဖို့ လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်ရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ကြရန် မိမိတို့ကိုပေးအပ်ထားသည့်ကိုယ်ပိုင် လုပ်ပိုင်ခွင့်များကို ပြည်သူအကျိုး စီးပွားအတွက် ရည်ရွယ်ပြီး အလေးအနက်ထား အသုံးချကာ တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုအစည်းအဝေးသည် ယခင်ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၁၉) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက် ပြီးစီးခဲ့မှုများကို သိရှိနိုင်ရန်နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်များ၊ ထပ်မံဆောင်ရွက်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ဖြစ်ပါကြောင်း။ ခရီးသွားလုပ်ငန်းသည် အားလုံးပါဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်တော် များများတွင် စီးပွားရေးကို များစွာအထောက်အကူပြုသည့် လုပ်ငန်းအဖြစ် အသိအမှတ်ပြု ဆောင်ရွက်နေကြပြီး ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရ၊ ပုဂ္ဂလိက အားလုံးဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ထို့အပြင် ခရီးသွား လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လျင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း။ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကအသင်း ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသအတွင်း ခရီးသွားမှုပုံစံများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုနှင့် အရင်းအမြစ်များ၊ အဖွဲ့အစည်းများ၏ ကြီးကြပ်ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြေအနေများ၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအား အရင်းအမြစ်များကို အခြေခံကာ မိမိတို့ဒေသအတွင်း ခရီးသွားလုပ်ငန်းစနစ်တကျနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ ၄င်းနောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးက (၁/၂၀၁၉) ကြိမ်မြောက် ခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီသို့ တင်ပြအတည်ပြု ချက်ရယူဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှ ခရီးသွား လုပ်ငန်းဆိုင်ရာဝန်ကြီးများက သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ ကို လည်းကောင်း၊ ကော်မတီဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင် များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply