ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ www.tourism.gov.mm Website လွှင့်တင် ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီလ (၁၀)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ www.tourism.gov.mm Website လွှင့်တင် ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မိမိတို့နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုအဆင်ပြေစွာ လည်ပတ်နိုင် ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖော်ထုတ်ခြင်း မပြုရသေးသည့် ခရီးစဉ်ဒေသများစွာ ကျန်ရှိနေသေးပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် မြန်မာနိုင်ငံ သည် အခြားနိုင်ငံများထက် အလားအလာကောင်း များစွာရှိပါကြောင်း၊ အသုံးမပြုရသေး သည့် သစ်တောသစ်ပင်များမှ နှင်းဖုံးလွှမ်းနေသည့် တောင်တန်းများအထိ လူသားတို့ ထိတွေ့အသုံးပြုရခြင်း မရှိသေးသည့် သဘာဝပတ်ဝန်းကျင်ကောင်းများစွာ ကျန်ရှိ နေပါကြောင်း၊ ကမ္ဘာပေါ်တွင် ခရီးသွားဆိုင်ရာ မှုခင်းဖြစ်ပွားမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်ပါကြောင်း။

Look East Policy ကို ချမှတ်ဖော်ဆောင်ခြင်းကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်းအထိ ယခင်နှစ်ကထက် ပိုမို တိုးတက်လာခဲ့သည်ကို တွေ့ရပါကြောင်း၊ ယခုအချိန်သည် မိမိတို့နိုင်ငံအနေဖြင့် Look West Policy ကို ခရီးသွားလုပ်ငန်းအတွက် ပြန်လည်သုံးသပ် ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါ ကြောင်း၊ Website ကတစ်ဆင့် ကြော်ငြာများ၊ လူမှုကွန်ရက် များ၊ သတင်းဆောင်းပါးများ၊ ရုပ်သံဓာတ်ပုံများ ထုတ်လွှင့် ဖော်ပြပြီး မြန်မာနိုင်ငံ၏ပုံရိပ်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းဖြင့် အနောက်ဥရောပမှ ခရီးသွား ဧည့်သည်များ တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ အရေးအကြီးဆုံး ရည်မှန်းချက်မှာ မြန်မာ၏ ကောင်းမွန်သော ပုံရိပ်ကို ကမ္ဘာက ကျယ်ကျယ် ပြန့်ပြန့် သိရှိရန်ဖြစ်ပါကြောင်း။

ကမ္ဘာ့ခရီးသွားပြပွဲများတွင် မိမိတို့နိုင်ငံအကြောင်းကို ပါဝင်ပြသရုံမကဘဲ နိုင်ငံ၏အဓိက ခရီးစဉ်ဒေသများကို လေကြောင်းတိုက်ရိုက် ဆိုက်ရောက်ပျံသန်းနိုင်ရေး၊ ဗီဇာကင်းလွတ် ခွင့်နှင့် ဆိုက်ရောက်ဗီဇာများ ခွင့်ပြုပေးရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ပေးရေး နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်ရေးတို့ကို ဟန်ချက်ညီဆက်စပ် ဆောင်ရွက် ပေးသွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနတစ်ခုနှင့် တစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုသည် အင်မတန် အရေးကြီးပါ ကြောင်း၊ ဆက်စပ်သည့် ဝန်ကြီးဌာနများ၏ ကူညီပံ့ပိုးမှုပါဝင်မှသာ ရည်မှန်းချက်များကို ထိထိ ရောက်ရောက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းက www.tourism.gov.mm Website အကြောင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် ဒေသများနှင့် ခရီးစဉ်ဒေသများကို ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က www.tourism.gov.mm Website ကို လွှင့်တင် ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည် တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေရန်၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အရေအတွက် ပိုမိုတိုးတက်လာရန်၊ မြန်မာနိုင်ငံ၏ ထူးခြားလှပသည့် ခရီးစဉ် ဒေသများ၊ ပွဲတော်များ၏အကြောင်းကို ပိုမိုသိရှိနိုင်ရန်၊ ဖုံးကွယ်တိမ်မြုပ်နေသည့် နိုင်ငံ၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သမားရိုးကျ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းများ အပြင် (၂၁)ရာစုခေတ်နှင့် လိုက်လျောညီထွေစွာ Online အသုံးပြု ဈေးကွက်မြှင့်တင် နိုင်ရန် www.tourism.gov.mm Website ထူထောင်ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလွှင့်တင်သည့် Website သည် ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုအဖြစ် ကမ္ဘာက ပိုမိုသိရှိလာစေရန် Digital Marketing Strategy တစ်ခုအဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ခရီးစဉ်ဒေသများနှင့် ပတ်သက်သည့် ဗွီဒီယိုဖိုင်များ၊ သတင်းဓာတ်ပုံများ၊ တွေ့ဆုံ မေးမြန်းခန်းများ စသည့် သတင်းမီဒီယာပုံစံ အကြောင်းအရာ အမျိုးမျိုးကို ထည့်သွင်း ဖော်ပြပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် Tourism ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း၊ အချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် သတင်းအချက်အလက် များဖြစ်သည့် လေယာဉ်ခရီးစဉ်များ၊ ကုန်ကျစရိတ်များ၊ ဗီဇာကိစ္စများသည် ခရီးစဉ် ရေးဆွဲရာတွင် အရေးကြီးသည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းအားလုံး နှင့် ပူးပေါင်းပြီး www.tourism.gov.mm Website တွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

About the author