29
Dec
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးများအား Video Conferencing ဖြင့် တွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၂၉-၁၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း (၁၁) သင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးများအား နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဌနှင့်အတွင်းရေးမှူး များက Online မှ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် လူဇင်ဘတ်အစိုးရ၏ Aid & Development Agency ဖြစ်သည့် Lux Dev တို့နှင့် ပူးပေါင်းရေးဆွဲထားသည့် Myanmar Tourism Strategic Recovery Roadmap (MTSRR) (2021-2025) ကို နိုင်ငံတော်အဆင့်က အတည်ပြုပေး ခဲ့ပြီး ဖြစ်သည့်အတွက် လာမည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးမှာ တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း “ခရီးသွားတွေကို ဘေးကင်း လုံခြုံစွာဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်၊ သင်တန်းတွေပေးရမယ်၊ COVID Safe Service ဝန်ဆောင်မှု ပေးနိုင်တဲ့လုပ်ငန်းတွေကို ခရီးသွားတွေသိရှိရွေးချယ်နိုင်ဖို့ အသိအမှတ်ပြုလက်မှတ် တွေ ပေးရမယ်” ဟု ပြီးခဲ့သည့် (၁/၂၀၂၀) အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေးတွင် လမ်းညွှန်မှာကြားထားရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များ၊ UNWTO, WTTC စသည့် နိုင်ငံတကာခရီးသွားအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့်အညီ Enchanting Myanmar Health and Safety Protocol (HSP) ကို ရေးဆွဲပြုစုပြီး နိုင်ငံတော် အဆင့်က အတည်ပြုပေးခဲ့ပြီးဖြစ်သည့်အတွက် တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။
HSP ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားကျွမ်းကျင်မှု စိစစ်အသိအမှတ်ပြုရေး အာဏာပိုင်အဖွဲ့ တို့နှင့် ပူးပေါင်းပြီး COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် Inspector Training for Inspection တို့ကို တတိယအသုတ်နှင့် စတုတ္ထအသုတ်အထိ သင်ကြားပေးလျက်ရှိ သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် ဆင့်ပွားသင်တန်းများ ပို့ချလျက်ရှိပါကြောင်း။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှုများကို ဒီဇင်ဘာလ (၁၆) ရက်နေ့ကစပြီး ပြန်လည်စတင်ခဲ့ပါကြောင်း၊ Enchanting Myanmar Health and Safety Protocol (HSP) ကို လိုက်နာ၍ ခရီးသွားနိုင်သည့် ယုံကြည်မှု ပြန်လည်ရရှိရန် မြန်မာနိုင်ငံတွင် COVID Safe Travel ဖြစ်နိုင်သည်ကို နိုင်ငံတကာသို့ပြသနိုင်ရန် Non Landing Sightseeing Flight နှင့် River Cruise များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း။
ဆက်လက်၍ Day Trip Flight to Ngapali, Day Trip Flight to Bagan နဲ့ Caravan Tour တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားရှိသည့် COVID-19 ဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွား လုပ်ငန်းများ စနစ်တကျ ပြန်လည်စတင်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
COVID-19 အလွန်ကာလတွင် အရေးပါလာမည့် ကျေးလက်ဒေသ Rural Tourism ဖြင့် နိုင်ငံ ၏ ခရီးသွားအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နေပြည်တော် ပတ်၀န်းကျင် ကျေးရွာများတွင် Rural Tourism စတင်နိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ၍ Heritage & Cultural Tourism, Nature Based & Eco Tourism, Agricultural & Farming Tourism, Coastal Inland Water Tourism, River & Rail Tourism, Adventure & Sports Tourism, Gastronomy Tourism, Caravan Tourism, Urban & MICE Tourism များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (MTF) နှင့် ညီနောင်အသင်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါ၀င်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဖြင့် ပြောကြားပါသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးများက အသင်းအဖွဲ့များမှ COVID-19 ကာကွယ်ရေးဆိုင်ရာ Yellow Campaign တွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ အင်းလေး ရေပေါ်ဈေးအောင်မြင်အောင် အကောင်အထည်ဖော်မည့်အခြေအနေ၊ Non Landing Sightseeing Flight နှင့် River Cruise ခရီးစဉ် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ Agricultural & Farming Tourism ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ အထင်ကရ အစားအသောက်များ၊ ဗွီဒီယို ရိုက်ကူးမည့် အခြေအနေနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များအပါအဝင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပါသည်။
၎င်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များမှ ပြည်တွင်း ခရီးသွား Survey ကောက်ယူမည့်အခြေအနေ၊ ခရီးစဉ်များ ခွင့်ပြုပေးနိုင်ရေးဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် COVID-19 Safe Service Master Trainer & Inspector Training for Inspection သင်တန်းများတွင် အသင်းအဖွဲ့များမှ ပါဝင်တက်ရောက်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က အသင်းဥက္ကဌများမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး Enchanting Myanmar Health and Safety Protocol (HSP) ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။