15
Jan
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီး ဦးတင်လတ်သည် ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ကာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီလ (၁၄) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးတင်လတ်သည် (၁၃.၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့သို့ သွားရောက်ကာ ပဲခူးမြို့၊ ဥဿာကျော် ဟိုတယ်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီး ဦးညွန့်ရွှေ ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့် ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့၀င်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ပဲခူးတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်ပြဌာန်းခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားဆိုင်ရာလိုင်စင်များနှင့် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများသို့ လွှဲပြောင်းပေးပြီးဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် ဝန်ဆောင်မှုများ ပိုမိုလျင်မြန်ကောင်းမွန်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိနိုင်ရန် အတွက် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင် များနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ကြုံရသည့်အခက်အခဲများနှင့် အကြံပြုချက် များကို ဆွေးနွေးတင်ပြကြစေလိုပါကြောင်း၊ နိုင်ငံတော်မှ ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ၊ Online Visa များ ဖြေလျှော့ ဆောင်ရွက်ပေးမှုများကြောင့် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာသဖြင့် ခရီးသွားဧည့်သည်များ ယခုထက် ရက်ရှည်နေထိုင်ပြီး လေ့လာလည်ပတ် နိုင်ရန်အတွက် စိတ်ဝင်စားဖွယ်နေရာများ၊ ခရီးစဉ်ဒေသများ ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် လိုအပ်သည့်နေရာများတွင် အများသုံးသန့်စင်ခန်း (Public Toilet) များထားရှိရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးညွှန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ခရီးစဉ် ဒေသအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ဆွေးနွေးတင်ပြပါသည်။
၄င်းနောက် တက်ရောက်လာကြသူများက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
ထို့နောက် နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပဲခူးရုံးခွဲ) ရှိ Tourist Information Counter တွင် QR Code များ ထားရှိခြင်းနှင့် Digital Concierge Beta Version တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်အနီးရှိ ကိုရီးယားနိုင်ငံမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်းထားသော အများသုံးသန့်စင်ခန်း (Public Toilet) ဆောက်လုပ်မှု အခြေ အနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပဲခူးမြို့၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်းသဘာ၀အပန်းဖြေစခန်းသို့ သွားရောက်ကာ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းထားသည့် ပြတိုက်အတွင်းသို့ လည်းကောင်း၊ မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခိုငှက် များကျက်စားရာနေရာများသို့လည်းကောင်း လှည့်လည် ကြည့်ရှု့ခဲ့ပြီး ဒိုက်ဦးမြို့နယ်တွင် တည်ရှိသော ဘောနီရေလှောင်တမံသို့ သွားရောက်ကာ ခရီးသွား လုပ်ငန်းအထောက်အကူပြု အပန်းဖြေစခန်း ဆောင်ရွက်နိုင်မည့်နေရာ များအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။