Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁/၂၀၂၁) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးအား Video Conferencing ဖြင့် ကျင်းပ

နေပြည်တော်၊ ဇွန်လ (၁၈) ရက် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် (၁/၂၀၂၁) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအား ဇွန် (၁၈) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ  အစည်းအဝေးသို့ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းကော်မတီဝင် များဖြစ်ကြသည့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက Online မှ ပါဝင်တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့အနှံ့ရှိ ခရီးသွား လုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ပိတ်သိမ်းခဲ့ရပြီး၊ ခရီးသွားကန့်သတ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတကာခရီးသည်ဝင်ရောက်မှု (၇၃) % လျော့နည်းခဲ့ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရတွေ့ရှိရပါကြောင်း၊ နိုင်ငံတကာမှာခရီးသွားဝင်ရောက်မှု လျော့နည်းခြင်းကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၃) ထရီလီယံခန့် ဆုံးရှုံးခဲ့ရပြီး၊ မြန်မာနိုင်ငံအနေနဲ့ လည်း COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲအနေဖြင့် စီးပွားရေးထိခိုက်မှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုများအား ရင်ဆိုင်ခဲ့ရပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန်အတွက် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုမှ သက်သာရေး စီမံချက် (COVID-19 Economic Relief Plan- CERP) ၏ နောက်ဆက်တွဲအဖြစ် မဟာဗျူဟာ အဆင့် (၃) ဆင့်ပါဝင်သည့် COVID-19 ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ် (COVID-19 Myanmar Tourism Relief Plan) ကို ရေးဆွဲအတည်ပြု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ COVID-19 အလွန်ကာလမှာ ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံခရီးသွား ကဏ္ဍ မဟာဗျူဟာမြောက် ပြန်လည်ထူထောင်ရေး လမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap) (2021-2025) (MTSRR) ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။ COVID-19 အလွန်ကာလမှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းစွာ တည်းခို နေထိုင်နိုင်သည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်များအဖြစ် စနစ်တကျ သတ်မှတ်ပေး နိုင်ရန် Enchanting Myanmar Health & Safety Protocol (HSP) ရေးသားပြုစုပြီး HSP နှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါကြောင်း။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ ပုံရိပ်ဖြစ်၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် နိုင်ငံတော်၏ သံတမန်အငယ်စားဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိခြင်းနှင့်အတူ နိုင်ငံတော်၊ ပြည်သူ၊ လုပ်ငန်းရှင်၊ ဒေသများအတွက် အကျိုးရှိသည့် လုပ်ငန်း ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်မှုနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ Pilot Project များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ခရီးသွားဈေးကွက်ရှာဖွေ မြှင့်တင်ခြင်းပါဝင်သည့် အဆင့် (၃) ဆင့်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး၊ Pilot Project များ အနေဖြင့် စက်ဘီးစီးပြိုင်ပွဲကျင်းပခြင်း၊ အထူးဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ခရီးသွားလုပ်ငန်းပါဝင်မြှင့်တင်ဆောင်ရွက်ခြင်း၊ ရိုးရာလှေပြိုင်ပွဲ၊ တိုင်းရင်းသားပွဲတော်၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရေး စီမံချက်များပါဝင်ကြောင်း။ ယခုအခါတွင် နိုင်ငံအများ၌ COVID-19 Third wave ပြန်လည်ဖြစ်ပေါ်နေသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွားဆက်စပ်လုပ်ငန်းများ အားလုံး ထိခိုက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းရှင်များကိုယ်တိုင်လိုက်နာ၍ တာဝန်ရှိသူများမှလည်း စိစစ်ဆောင်ရွက်ပေးရန် အထူးအလေးနက်ထား ပြောကြားလိုကြောင်း၊ ခရီးသွားလုပ်ငန်းများ စနစ် တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ အစည်းအဝေးသို့ Online မှ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များနှင့် ခရီးသွားကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေ လိုပါကြောင်းဖြင့် ပြောကြားပါသည်။ ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) ကြိမ် မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပြည်တွင်းခရီးသွား မြှင့်တင်ရေး ကနဦးစီမံချက် Pilot Project များ ဆောင်ရွက်မည့်အခြေအနေအား ဆွေးနွေးတင်ပြ ပြီးနောက် Online မှ တက်ရောက်သူများမှ COVID-19 အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊  ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေး  အခြေအနေ၊ ဘဏ်ချေးငွေနှင့် အခွန်အခများ လျော့ချပေးရေးအခြေအနေ၊ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် အကြံပြုချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြမှု အပေါ် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်က ပြန်လည်သုံးသပ် ဆွေးနွေးတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply