Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပထမအကြိမ် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး ကျင်းပရေးဆိုင်ရာ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဇွန် (၂၄) ရက်၊ ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနအနေဖြင့် COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ Pilot Project များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ခရီးသွားဈေးကွက်ရှာဖွေ မြှင့်တင်ခြင်းပါဝင်သည့် အဆင့် (၃)ဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယအဆင့်အနေ ဖြင့် ကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Pilot Project (၅) ခုကို သက်ဆိုင်ရာ ခရီးစဉ် ဒေသများ၌ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များကို စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအဆင့်အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေပေါ်မူတည်၍ Inbound ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ဈေးကွက်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၏လိုအပ်ချက်များ ခရီးသည်များ၏ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သို့ပါ၍ Inbound Tourism စတင်နိုင်ရေးအတွက် ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲရန်လိုအပ်ကြောင်း။ ယခုအခါတွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် COVID-19 တတိယလှိုင်း ပြန်လည်ဖြစ်ပေါ်နေသဖြင့် အရှိန်ရရှိခါစ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နို်ငရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်စစ်ဆေးဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ဟိုတယ်များ တည်ဆောက်ရာတွင် ကြိုတင်ခွင့်ပြုမိန့် တောင်းခံဆောင်ရွက်ရန် လိုအပ်ပြီး လုပ်ငန်းလိုင်စင်များကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်တာဝန်ယူသည့် ကာလအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဦးဆောင်ကျင်းပပြုလုပ် မည့် ပထမအကြိမ် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားရှိ သည့် ဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှု မရှိစေရေးနှင့် ငွေကြေးသုံးစွဲမှုများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ သုံးစွဲနိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ အစည်းအဝေးသို့ တက်ရောက်မည့် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ၊ Video Conferencing ဖြင့် ပါဝင်တက်ရောက်မည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌများအပါအဝင် တက်ရောက်ကြသူများကို ဖိတ်ကြားရေးနှင့် အစည်းအဝေး ကျင်းပရေးများ စီမံဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။      

Leave a Reply