Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ ဇူလိုင် (၁၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများက Online မှ ပါဝင် တက်ရောက် ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အနာဂတ်ခရီးသွားလုပ်ငန်းတွင် COVID-19 နှင့် ယှဉ်တွဲပြီး ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေး၊ ထဲထဲဝင်ဝင်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုဖြစ်ပွားနေသော COVID-19 ရောဂါနှင့်ပတ်သက်၍  မိမိကိုယ်ကို ဂရုစိုက်ရန် လိုအပ်သကဲ့သို့ မိမိဌာနရှိ ဝန်ထမ်းများအနေနှင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါဖြစ်ပွားခဲ့ပါက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပြီး ရောဂါဖြစ်ပွားသူများအားလည်း အားပေးကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း။ ဝန်ကြီးဌာနအနေဖြင့် COVID-19 အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အဆင့် (၃) ဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်အနေဖြင့် ကျင်းပပြုလုပ် မည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ Pilot Project များနှင့် ဆက်စပ်၍ COVID-19 ရောဂါ ထိန်းချုပ်နိုင်သည့် အနေအထားရောက်လျင် အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၌ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင့်ပြုမိန့်နှင့် လုပ်ငန်းလိုင်စင်များ လျင်မြန်သွက်လက်စွာ စိစစ်ဆောင်ရွက်သွားနိုင်ရေးအတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများနှင့် အမြဲတမ်း ထိတွေ့ဆက်ဆံပြီး အနည်းဆုံး တစ်လလျင် တစ်ကြိမ်ခန့် ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။ ဟိုတယ်များ ဆောက်လုပ်ခွင့်တင်ပြသည့်အခါတွင်လည်း သက်ဆိုင်ရာ အထောက်အထား များ စုံလင်ပါက One Stop Service ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ အနာဂတ်ခရီးသွားလုပ်ငန်းသည် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပုံမှန်သွားလာခြင်းမျိုးမှ New Normal ပုံစံဖြင့် သွားလာနိုင်ရေးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်သည့် Application တစ်ခု ပေါ်ပေါက်လာနိုင်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များထံ ထုတ်ချေးပေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ၏ အခက်အခဲအမှန်များ၊ စာရင်းအမှန်များ သိရှိအောင် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ သေချာစွာ စိစစ်တင်ပြပေးရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် Online မှ တက်ရောက် လာကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ် ချက်များကို အသေးစိတ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply