
04
Sep
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဝန်ထမ်းထုတွေ့ဆုံပွဲကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ (၁) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ထမ်းထုတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် online မှ ပါဝင် တက်ရောက်ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေနှင့် ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဌာန၏ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်နှင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ တာဝန်သိစိတ်ဖြင့် စိတ် နှလုံးသွင်း ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ အဖွဲ့အစည်းဖြင့် အလုပ်လုပ်နိုင်ရန် လိုအပ်ပါ ကြောင်း၊ အဆင့်တိုင်းမှာ ဦးဆောင်မှုက အရေးကြီးပါကြောင်း၊ ဌာနရှိ ဝန်ထမ်းများအနေဖြင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ နယ်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိတို့ ဒေသဆိုင်ရာ Local knowledge ရှိရန် လိုအပ်ပြီး ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် တီထွင်ဆန်းသစ်သော အကြံဉာဏ်များဖြင့် အစဉ်တစိုက် စဉ်းစားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အလျောက် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနယ်ပယ် အပြင် ရုံးလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြား ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမှာစကားပြောကြားပြီးနောက် တက်ရောက် လာကြသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်း များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ဆိုင်ရာ ဆောင်ရွက်ပေးနေမှုများနှင့် ကြုံတွေ့ရသောအခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါ ကြောင်း သတင်းရရှိပါသည်။