24
Apr
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများရှင်းလင်း
နေပြည်တော် ဧပြီ ၂၃
ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်များအဖြစ် သွားရောက်၍ရရှိခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း အမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် E-government ဌာနခွဲမှညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်တို့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁၅)ကြိမ်မြောက် မကာအိုခရီးသွားလုပ် ငန်း အင်စတီကျုနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၃ သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံများ ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်လာစေရေးအတွက် ပြည်တွင်း/ ပြည်ပနိုင်ငံများရှိ သင်တန်း၊ အစည်းအဝေးများနှင့် နိုင်ငံတကာပြပွဲများသို့ စေလွှတ်တက်ရောက်စေလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့်အခြေအနေများကို သိရှိနားလည်ကြရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံ များမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာမှတ် သားပြီး မိမိနိုင်ငံနှင့် ကိုက်ညီမှု ရှိသည်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နေပြည်တော်၌ မိုက်စ်(MICE)ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့များ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား ကဏ္ဍပုံရိပ်ကို နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon