09
May
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ မေလ (၈)ရက်
ပြည်ပနိုင်ငံများသို ကိုယ်စားလှယ်များအဖြစ် သွားရောက်၍ရရှိခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတကာနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းနှင့် ခရီးသွားမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသန်းတို့က ပြည်ထောင်စုဝန်ကြီး ဦးဆောင်တက်ရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ တကာခရီးသွားပြပွဲ “2023 China International Travel Mart” နှင့် “အာဆီယံ- တရုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ၂၀၂၃” များနှင့်စပ်လျဉ်းသော အတွေ့အကြုံများကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက် ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအား ခရီးစဉ်ဒေသတစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ မြန်မာ နိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံကြစေရေးအတွက် မိမိတို့ဒေသ အလိုက် ခရီးစဉ်ဒေသများ၏ အလားအလာကောင်းများကို ဖော်ထုတ်ပြသကြရမည်ဖြစ်ကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် စွမ်းဆောင် ရည်များ ပြည့်ဝရန် ကြိုးစားကြပြီး အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။