Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့်ဝန်ထမ်းများ အားလုံး တွေ့ဆုံပွဲအခမ်းအနား

နေပြည်တော်၊ ဖေဖော်ဝါရီ (၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ရုံးချုပ်)ရှိ ဝန်ထမ်းအားလုံးနှင့်တွေ့ဆုံပြီး နယ်ရုံးခွဲများရှိ ဝန်ထမ်း အားလုံးနှင့် Video Conferencing  ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့သို့တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနတွင် ပြုလုပ် နေသည့် ပြုပြင်ပြောင်းလဲမှုများကို ရုံးချုပ်နှင့်ရုံးခွဲတာဝန်ခံများအနေဖြင့် အချိန်နှင့် တပြေးညီသိရှိပြီး လိုက်ပါ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းခရီးသွား လုပ်ငန်း ကော်မတီ ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်တွေ လွှဲပြောင်း ပေးပြီးဖြစ်သဖြင့် ဒေသဆိုင်ရာခရီးသွား ကော်မတီ များတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးခွဲတာဝန်ခံများက အတွင်းရေးမှူးအဖြစ် ပါဝင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတွေကို service ပေးရမှာဖြစ်ကြောင်း၊ ခရီးသွား ဝန်ဆောင်မှု အဆင့်အတန်းတိုးတက်အောင် စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့နှင့်ပြည့်မီ အောင် ဖော်ဆောင်ဖို့ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး တို့ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနိုင်ဖို့ ဝန်ကြီးဌာနကို service ministry အဖြစ် အသွင်ပြောင်းရန်  ၂၀၂၀ ရည်မှန်းချက်အဖြစ် ရည်ရွယ်ပါကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရမည်ဖြစ်သလို နည်းပညာကိုလည်း တိုးမြှင့်အသုံးပြုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ရုံးလုပ်ငန်းများကို paper less စနစ်နှင့်မြန်ဆန်အောင် ဆောင်ရွက် နိုင်ရန်  tablets များ၊ ကွန်ပျူတာများသုံးပြီး online စနစ် အခြေခံတည်ဆောက်ထားသည့် ဌာနတွင်း စာပေ/စာယူစနစ်နှင့် e-notesheet စနစ်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ခရီးသွားများ အလွယ်တကူသိရှိနိုင် ရန်နှင့်ခရီးသွားအချက်အလက်များ အလွယ်တကူရရှိနိုင်ရန်  website နှင့်  social media တည်ဆောက်ပြီး သတင်းကအစ အချိန်နှင့်တပြေးညီ သိရှိအောင် လုပ်ဆောင် ပေးနေပြီဖြစ်ကြောင်း ၊ ဟိုတယ်များမှ နေ့စဉ်တည်းခိုသည့် ဧည့်စာရင်းပေးပို့ခြင်းကို ရန်ကုန်တိုင်းအစိုးရက အစပြုပြီး online guestlist management  စနစ်ကို စတင် အကောင်အထည်ဖော်လာသည်မှာ ယခုဆိုရင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၄) ခုတွင် စတင်နေပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ဆက်လက် ဖော်ဆောင် သွားရန် ဝန်ကြီးဌာနက  focal အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုံးခွဲများက ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း ၊ နည်းပညာကို အခြေခံသည့် လုပ်ငန်းဆောင်တာကို ပြောင်းလဲနေပြီဖြစ်၍ ဝန်ထမ်းများအနေဖြင့် IT ကို လေ့လာသင်ယူကြရန်နှင့် ဘာသာစကား တတ်ကျွမ်းအောင် လေ့လာရန်လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်တိုင်းရင်းသားရိုးရာ ဓလေ့ ထုံးစံလူနေမှုစနစ်များကို အခြေခံပြီး ဒေသခံများ အကျိုးရှိစေမည့်များကို ဖော်ထုတ် အကောင်အထည်ဖော်ရေးအတွက် ဒေသကော်မတီများကို အကြံပြုတိုက်တွန်းပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအပြင် ဒေသကော်မတီအတွင်းရေးမှူး များ၏ တာဝန်များကိုပါ မလစ်လပ်အောင် ဂရုပြုဆောင်ရွက်ကြပါရန် ၊ ခေတ်၏ပြောင်းလဲ လာသည့် နည်းပညာများအပေါ်လိုက်၍ အကျိုးရှိရှိ အသုံးချကြပါရန်နှင့် လိုအပ်မှုရှိရင် အချိန်နှင့်တပြေးညီ တင်ပြကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးရုံး၊ ဉီးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲနှင့် မန္တလေးတိုင်း ဒေသကြီးရုံးခွဲရှိ ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply