Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များ မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၅ ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့ (National Account Cluster) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) နှင့် ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲ မှုပညာ ဒီဂရီကောလိပ်၊ မန္တလာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက Online ဖြင့် တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စစ်တမ်းကောက်ယူနိုင်ရေးအတွက် ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ ဦးဆောင်၍  မြို့ပေါင်း ၁၉ မြို့ရှိ ပြည်တွင်းလေဆိပ်များ၊  ခရီးသွားဆွဲဆောင်ရာ နေရာများ၊  အဝေးပြေးကားဂိတ်များ၊  မီးရထားဘူတာရုံများ၊ အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များ၌ သတ်မှတ်အရေအတွက်အတိုင်း ပြည့်မီအောင် ကောက်ယူခဲ့ပြီး စစ်တမ်းကောက်ယူခြင်း နည်းပညာရပ်များပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး တိကျ မှန်ကန်သည့် မူဝါဒ၊ ပန်းတိုင်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုကြကာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက် ဆောင်ရွက် သွားရမည့်ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) Source From: Myawady

Leave a Reply