Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မန္တလာဒီဂရီကောလိပ်မှ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ပထမနှစ်ကျောင်းသား/ကျောင်းသူ များအားလက်ခံတွေ့ဆုံ

နေပြည်တော် ၊ ဖေဖော်ဝါရီလ ၉ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၉-၂-၂၀၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ မန္တလာဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ(Bachelor of Tourism and Hospitality Management-BTHM)ဘာသာရပ် ပထမနှစ်ကျောင်းသား/ကျောင်းသူ(၈၀)ဦးနှင့် ကြီးကြပ်သူဆရာ/ဆရာမ (၅)ဦးတို့အား  ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ လက်ခံ တွေ့ဆုံရာ  အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နီပေါနိုင်ငံ အခြေစိုက် The Last Resort မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များနှင့် ဘာသာရေး၊ လူမှုရေးပွဲတော်များ၊ သဘာဝတောတောင် ရေမြေအလှအပများ၊ နိုင်ငံသားများ၏ ဖော်ရွေပျူငှာမှုများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကမ္ဘာကပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ဝန်ကြီးဌာန၏ Website  နှင့် Web portal တို့ကိုလွှင့်တင်ထားရှိပြီး Onlineမှတဆင့် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် မြှင့်တင် ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ သတင်းအချက်အလက်နှင့်နည်းပညာကိုအခြေခံသော Digital Marketing စနစ်ဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အလေးပေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းပင်မစီမံကိန်း (၂၀၂၀-၂၀၃၀)ကို လူဇင်ဘတ်နိုင်ငံ Lux Dev ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း၏ပံ့ပိုးကူညီမှု၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)မှ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သော်လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့်လည်းကောင်း၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊

ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် မန္တလေးမြို့တွင် မန္တလာဒီဂရီကောလိပ်တို့မှာဝိဇ္ဇာဘွဲ့(ခရီးသွားလုပ်ငန်း) B.A(Tourism) ကိုစတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်ပညာသင်နှစ်ထိ(၈)နှစ်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ အနေဖြင့် ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုပညာ ဘာသာရပ်များကို လေ့လာဆည်းပူးပြီး (၄)နှစ်တာ ကာလအတွင်း လေ့ကျင့်ပေးခဲ့သည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းတွင် အကျိုးပြု အသုံးချနိုင်မည့် ပုဂ္ဂိုလ်များဖြစ်ရန်၊ နိုင်ငံ၏အနာဂတ် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ထိရောက်စွာ အကျိုးပြုနိုင်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာအသိပညာရှင်များ၊ အတတ်ပညာရှင် များအဖြစ် ပေါ်ထွန်းလာစေ ရန်နှင့် မိမိတို့ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျရာတာဝန်ကို ပါဝင်ထမ်းဆောင်နိုင်ကြပြီး ခရီးသွားလုပ်ငန်း၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်အောင် ကြိုးပမ်း သွားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် မန္တလာဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး၊ ဒေါက်တာစိန်စိန်အောင်က ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဆိုင်ရာပညာရပ် သင်ကြားမွေးထုတ်နေခြင်း နှင့် လေ့လာရေးခရီးစဉ်အကြောင်း ကိုလည်းကောင်း၊ Digital Marketing တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်လွင်က ဝန်ကြီးဌာနမှ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ နီပေါနိုင်ငံအခြေစိုက် The Last Resort မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်ဝင်းက နီပေါနိုင်ငံ တွင် Bungee Jumping အားကစားနည်းဖြင့် ကမ္ဘာလည့်ခရီးသွားများကို ဝန်ဆောင်မှု ပေးနေသော အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ဆရာမကြီး၊ The Last Resort မှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂိ္ဂုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသား(၁)ဦးမှကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

About the author

Leave a Reply