Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ကာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်ကာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ဒေသရှိ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် မန်နေဂျာများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဥပဒေနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များကို လုပ်ပိုင်ခွင့်ခွဲဝေ အပ်နှင်းခဲ့ပြီး အမျိုးသားအဆင့်မူဝါဒရေးရာ ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းစံချိန်စံညွှန်း သတ်မှတ် ခြင်းစသည့်ကိစ္စရပ်များကိုသာ ဝန်ကြီးဌာနမှအဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဒေသတွင်း ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားစွာလာရောက် လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ များ ပိုမိုဖွံဖြိုးများပြားအောင် ဖော်ထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒများနှင့် အညီ တာဝန်ယူမှုရှိသော သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ဖြစ်စေရေးအတွက် ရှေ့ရှုဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ များအနေဖြင့် မိမိတို့ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် ကော်မတီများကို လိုအပ် သလိုအဆင့်ဆင့်ဖွဲ့စည်းရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း ပုသိမ်ဒေသတွင် လုပ်ငန်းရှင်များ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထိန်သိမ်း ထားနိုင်အောင်ကြိုးစားကြစေလိုကြောင်း။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် ဖြစ်ပွားလျင်ရှိသည့် ဝူဟန်(ခေါ်) Coronavirus အဆုတ်ရောင်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း များလည်း ထိခိုက်လာ နိုင်သည့်အတွက် ပြည်ပခရီးသွားလျော့နည်းမှုကို လာမည့်ကျောင်းပိတ်ရက်၊ အားလပ်ရက်ပြည်တွင်း ခရီးသွားတိုးတက်မှုနှင့်  ယာယီအားဖြင့် ထိန်းသိမ်းသွားရမှာဖြစ်ပါကြောင်း၊ ထိုရောဂါ၏ အဓိက လက္ခဏာဟုယူဆရသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ အပူကြီးပြီးဖျားနာခဲ့လျင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနကိုကို အမြန်ဆုံးအကြောင်းကြားကြရန်နှင့် အစောဆုံးသိရှိပါက ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အခွင့်အလမ်းများရှိကြောင်းကိုလည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူ များအားလုံး ကျန်းမာရေးအသိပညာအနေနှင့် သိရှိနိုင်ရန် ဖြန့်ဝေပေးချင်ပါကြောင်း၊ တစ်ဖက်မှလည်း ကမ်းခြေ ဒေသများသို့ နိုင်ငံခြားသားခရီးသွားများ ပိုမိုလာရောက်အောင် ဘယ်လိုဆွဲဆောင်ဆောင်ရွက်မည်ကို နည်းလမ်းရှာဖွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ်းခြေသဘာဝပတ်ဝန်းကျင် မပျက်ဆီးဘဲလက်ရှိ အနေအထားအတိုင်း ထိန်းသိမ်း ထားနိုင်အောင် ချမှတ်ထားသည့် လမ်းညွှန်ချက်များဖြစ်သည့် ကမ်းခြေအမှိုက်သိမ်းစနစ်ထားရှိရေး၊ တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး၊ ဟိုတယ်/ တည်းခိုခန်းများ မှ ရေဆိုးများပင်လယ်တွင်းမရောက်အောင် ထိန်းသိမ်းရေးကို အားလုံးက ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို ဝန်ကြီး ဌာနအနေဖြင့် မည်သို့ကူညီဆောင်ရွက်မှုပေးနိုင်မည်ကို သိရှိနိုင်ရန်  ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားပါသည်။

ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းလိုင်စင်ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ကမ်းခြေသန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ဟိုတယ်များတွင်ယစ်မျိုးလိုင်စင်ချထားပေးရေးကိစ္စရပ်များကို လည်းကောင်း၊ ဆွေးနွေးတင်ပြခဲ့ ပါသည်။

၄င်းနောက် တက်ရောက်လာကြသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ခရီးစဉ်သစ်ဖော်ထုတ် နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဧရာဝတီတိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်သည် မွန်းလွဲပိုင်းတွင် ချောင်းသာသို့ သွားရောက်ကာ ချောင်းသာကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင် များကို Golden Beach Hotel ၌ တွေ့ဆုံရာ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ချောင်းသာ ကမ်းခြေဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ၊ ကမ်းခြေဒေသသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင်နှင့် သန့်ရှင်းသာယာ လှပအောင်ထိန်းသိမ်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။

၄င်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်သည်  ညနေပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ သွားရောက်ကာ ငွေဆောင်ကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ တွေ့ဆုံပွဲသို့ ငွေဆောင်ကမ်းခြလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုစုပေါင်း (၈၀) ကျော် တက်ရောက်ခဲ့ကြပြီး ကမ်းခြေဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲ ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply