Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် Video Conferencing ဖြင့် နယ်ရုံးခွဲများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ်လ (၂၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဦးတင်လတ်တို့သည် ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများ ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ တောင်ကြီး၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဘားအံနှင့် ဟားခါးမြို့များရှိ ရုံးခွဲတာဝန်ခံများအား နေပြည်တော်ရှိ ဝန်ကြီးဌာန၏ နီလာအစည်းအဝေးခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီလ တွင် ပထမဆုံးအကြိမ် Video Conferencing နှင့် နယ်ရုံးခွဲများ ကို  တွေ့ဆုံခဲ့ ပါ ကြောင်း၊ ရုံးခွဲ (၆)ခု ပါ၀င်ခဲ့ပြီး အခု ဒုတိယအကြိမ်မှာ နေပြည်တော်အပါအဝင် ရုံးခွဲ (၁၅) ခုလုံးနှင့် တွေ့ဆုံပါကြောင်း၊ ယခုလို တွေ့ဆုံရာတွင် ၀န်ကြီးဌာန၏ လုပ်ငန်း လုပ်ဆောင်မှု မြန်ဆန်သွက်လက် ထိရောက် စေရန် ရည်ရွယ်ပါကြောင်း၊ ယခု COVID-19 ကြောင့် မလိုအပ်ဘဲ ခရီးမသွားဘို့နှင့် မလိုအပ်ဘဲ လူစုလူဝေးများ မပြုလုပ်ရန် နိုင်ငံတော်က လမ်းညွန်ထားသည့် အချိန်တွင် Video Conferencing နှင့် လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် Promotion ထက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကလုပ်ငန်းများ စီးပွားရေးထိခိုက်မှုကို ကုစားရေးနှင့် COVID-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေးအတွက် လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ခြင်း စသည်များ ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီးသက်ဆိုင်ရာ ရုံးခွဲများအနေနှင့်မိမိဒေသမှာ  မည်သည့်လုပ်ငန်းများ လုပ်ဆောင်မယ်ဆိုတာကို ၃လ စီမံချက်၊ ၆လ စီမံချက် စသည်ဖြင့် ပြင်ဆင်တင်ပြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား ပါသည်။

ထို့နောက် သက်ဆိုင်ရာရုံးခွဲအလိုက် တာဝန်ခံများက ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရီးသွားလာရေးနှင့် စပ်လျဉ်း၍ COVID-19 ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများပူးပေါင်းအကောင်အထည်ဖော်မှုများနှင့် တင်ပြရန် ရှိသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ညွှန်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply