Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် မန္တလေးနှင့် မကွေးဒေသ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုများ အဆင့် မြင့်မားစေရေး စီမံဆောင်ရွက်

နေပြည်တော်၊ မတ်လ (၂၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မန္တလေးနှင့် မကွေးဒေသခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများ တွင် ဝန်ဆောင်မှုများ အဆင့်မြင့်မားစေရေးအတွက် (၂၁-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့သို့ သွားရောက်ကာ မန္တလေးဧည့်လမ်းညွှန် များအသင်း၊ ပုဂံ ဧည့်လမ်းညွှန်များအသင်းမှ ဉက္ကဌနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နေသူများ အား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  ပို့ချပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ တောင်မင်းကြီး ကျောင်းတွင် ငှက်လှေသမားအသင်းနှင့်လည်းကောင်း၊ အင်းဝမြို့တွင် မြင်းလှည်းမောင်းသမားအသင်းနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ပုဂံမြို့၊ Bagan Information and Training Center-BITC (ဘုတ်ကျောင်း)တွင် ပုဂံဒေသရှိ စက်လှေမောင်းသမားအသင်း၊ မြင်းလှည်းမောင်းအသင်းတို့နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လတ်တလောဖြစ်ပေါ်နေသော COVID-19 သည် ခရီးသွားလုပ်ငန်းကဏ္ဍရှိ အလွှာအသီးသီးပေါ်တွင် စီးပွားရေးသက်ရောက်မှုများ ကြီးမားပါကြောင်း၊ နိုင်ငံတော်မှလည်း အဆိုပါစီးပွားရေးသက်ရောက်မှုများအပေါ် ကူညီထောက်ပံ့ပေးရန် စီစဉ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ COVID-19 အလွန်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်း လာချိန်တွင် မိမိတို့တွင် ဝန်ဆောင်မှုအရည်အသွေးများ ပြည့်ဝရန်လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် စနစ်တကျဖြင့် အရည်အသွေးကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်စေရေးအတွက် အမှန်တကယ် အသုံးဝင်မည့် အခြေခံသင်တန်းများကို ပို့ချပေးမည်ဖြစ်ပါ ကြောင်း ၊ ထို့ပြင် ခရိုင်အလိုက်နှင့် ထင်ရှားသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဆိုပါအဖွဲ့များမှ ဖွဲ့စည်း ပြီးနောက် ဒေသအလိုက် ခရီးသွားလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ခြင်း၊ အခက်အခဲများကို ဖြေရှင်းခြင်း ဖြင့် မိမိတို့ကိုယ်တိုင် တိုက်ရိုက်တင်ပြခွင့် ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့ပါသည်။

၄င်းနောက် ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ယင်းတိုင်းတောင်ဒေသရှိ မြိုင်လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) သို့ သွားရောက်ကာ ခရီးသွား လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ယင်းတိုင်းတောင်ဆည်ရှိ သစ်ပင်၊ ပန်းပင်များနှင့်အိပ်ခန်းဆောင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

 

About the author

Leave a Reply