Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဆောင်သည့် (၁/၂၀၂၀) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအား Video Conferencing စနစ်ဖြင့်ပြုလုပ်

နေပြည်တော်၊ မတ်လ (၂၅) ရက်

ယနေ့ (၂၅.၃.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဉီးဆောင်သည့် (၁/၂၀၂၀) ကြိမ်မြောက် ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးကို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများနှင့် ကော်မတီ အတွင်းရေးမှူး များက  ခရီးသွားလုပ်ငန်းကော်မတီဝင်တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့ အစည်း ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် online မှ ပါဝင်တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးကို  လွန်ခဲ့သည့် မတ်လ ၂၃ ရက်နေ့၌  တောင်ကြီးမြို့တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း  COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးသည့်အနေနှင့်  Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံဟူဘေးပြည်နယ် ဝူဟန်မြို့ကစတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ကူးစက်နှုန်းကျဆင်းနေသော်လည်း အခြားနိုင်ငံများတွင် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း အတော်မြင့်မားလာသည်ကို တွေ့ကြရပါကြောင်း၊ COVID-19 ​ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကမ္ဘာအနှံ့မှာ Lock down တွေ Entry quarantine တွေ လုပ်ဆောင်နေသည့်အတွက် ခရီးသွား လုပ်ငန်းအပေါ် အင်မတန် ကြီးမားသည့် သက်ရောက်မှုရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် အလုပ်အကိုင်တွေအပေါ်မှာလည်း ပြင်းထန်သည့် ထိခိုက်မှုရှိမှာဖြစ်ပါကြောင်း၊ ယခင်က ကျင်းပခဲ့သော ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများတွင် ခရီးသည်ပိုမိုတိုးတက်ဝင်ရောက် ရေး၊ ခရီးသွားမြှင့်တင်ဆွဲဆောင်ရေး လုပ်ငန်းများကို  အဓိကဆွေးနွေးခဲ့ကြသော်လည်း  ယခု အစည်း အဝေးတွင်  COVID-19​ ကြောင့် မိမိသက်ဆိုင်ရာ နယ်မြေများ မိမိတို့သက်ဆိုင်ရာကဏ္ဍများတွင် မည်သို့သက်ရောက်မှုတွေရှိမည်၊ ဘယ်လို အတူတကွ ရင်ဆိုင် ကျော်လွှားကြမည် ၊ COVID-19​ အလွန်တွင်  ခရီးသွားလုပ်ငန်း ပြန်လည် ဉီးမော့လာရေးအတွက်  မည်သို့ကြိုတင်ပြင်ဆင်ကြမည်ကို အဓိကထား၍  ဆွေးနွေးပေးစေချင်ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့်  COVID- 19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် စီးပွားရေးသက်ရောက်မှုများ ကုစားရေး ကော်မတီတို့တွင် ပါ၀င်လုပ်ဆောင်နေပါကြောင်း၊

ဒီနေ့အစည်းအဝေးကို ယခုကဲ့သို့ Video Conferencing စနစ်ဖြင့် online မှ ကျင်းပနိုင်ခြင်း သည် သတင်းအချက်အလက်နှင့်နည်းပညာကြောင့် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ အနေဖြင့် ဧည့်စာရင်းပေးပို့ ရာတွင်  copy တွေအများကြီးပေးရန် မလိုသည့်  guest list management system အသုံးပြုရန် ယခင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး ထိုစနစ်ကို ဟိုတယ်နှင့် တည်းခိုခန်းအားလုံး စတင်အသုံးပြုနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊  Reception & Reservation တွင်လည်း နည်းပညာ ပိုသုံးနိုင်ရန် လိုအပ်သည့် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုများ လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊

ကိုယ့်ဒေသ၏အကြောင်းကို ဒေသခံများကပိုမိုသိရှိပြီး ခရီးစဉ် ဒေသများစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် ဒေသခံများ၏ အတွေ့အကြုံနှင့်အကြံညဏ်ကို ပိုမိုရရှိအောင် Destination Management Organization (DMO) များကို လိုအပ်သလိုဖွဲ့စည်းရမည်ဟု ခရီးသွားဥပဒေတွင် ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ယခုအချိန်သည် ခရီးစဉ်ဒေသအလိုက် DMO များ ဖွဲ့စည်းပြီး ဖွံဖြိုးတိုးတက်ရေးအစီအစဉ်များကို အခုပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေနှင့်အညီ ထင်ဟပ် ရေးဆွဲသင့်သည့် အချိန်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးမှုများအပေါ် မူတည်၍ ကိုယ့်ဒေသ၏ အခြေ အနေနှင့်ကိုက်ညီသော လုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်စေလိုပါကြောင်း ပြောကြား ပါသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်က ယခုအချိန်ကာလတွင် ဉီးစားပေးဆောင်ရွက်ပေးသင့်သော ခရီးသွားလုပ်ငန်းအထောက်အကူပြု သင်တန်းဆိုင်ရာကိစ္စရပ်များ၊ COVID-19​ အလွန်ကာလတွင် ခရီးသွားကဏ္ဍ၌ နည်းပညာကို ပိုမိုအသုံးပြုရန် လိုအပ်သောကိစ္စရပ်များ ၊  Destination Management Organization များဖွဲ့စည်း၍ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်ရေးဆိုင်ရာ များကို ပြောကြားပါသည်။ ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်က ခရီးသွား လုပ်ငန်းကော်မတီ ၂/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

၄င်းနောက် ခရီးသွားလုပ်ငန်းကော်မီဝင် နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများနှင့်ကော်မတီအတွင်းရေးမှူးများ၊  ခရီးသွားလုပ်ငန်း ကော်မတီဝင် တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ COVID- 19 ကူးစက်ရောဂါ ပြန့်ပွားမှု တားဆီးကာကွယ်​ရေးအတွက် ပူးပေါင်း ပါဝင် ဆောင်ရွက် နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သင့်သောလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply