28
Apr
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဦးဆောင်၍ Online Workshop on COVID-19 Crisis Management: React, Rethink, Recover အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
နေပြည်တော်၊ ဧပြီလ (၂၇) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့်ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 Crisis ကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက် ခံစားနေရမှုများကို လျော့ပါးသက်သာစေရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သောစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ COVID-19 Crisis ကာလ အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များညှိနှိုင်းဖော်ထုတ်ရန် အလုပ်ရုံဆွေးနွေးပွဲဖြစ်သော Online Workshop on COVID-19 Crisis Management: React, Rethink, Recover ကို ၂၇.၄.၂၀၂၀ ရက်နေ့ ၊ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ နီလာ အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်အရာရှိကြီးများ၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဉီးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင် (၃) ဉီး ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်အခါ၌ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုကြောင့် အထိခိုက်ဆုံးခံစား နေရသည့် စီးပွားရေးလုပ်ငန်းတွင် ခရီးသွားလုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သို့သော်လည်းမြန်မာနိုင်ငံက ခရီးသွား လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့လုပ်ငန်းရှင်များအနေနှင့် လက်ရှိဖြစ်ပေါ်နေသည့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များမှာ မိမိတို့၏ အခြေခံအဆောက်အအုံများ (အထူးသဖြင့် ဟိုတယ် များ)ကို သီးသန့်ခွဲခြားစောင့်ကြည့်ခံရမည့်သူများအတွက် ကူညီပေးအပ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်း များအတွက် ပေးအပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ရေး အဆောက်အအုံများအဖြစ် ပြောင်းလဲဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ၊ အလှူငွေ များကို လည်းတတ်အားသရွေ့ကူညီလှူဒါန်းခြင်းစသည့် ပံ့ပိုးကူညီမှုများကို အားတက်သရော ဆောင်ရွက်နေကြတာကို တွေ့ရသည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ၏ စည်းလုံးညီညွတ်မှုနှင့် အဆင်သင့် ဖြစ်မှုအား များစွာချီးကျူးရပါကြောင်း၊ ဒီနေ့အစည်းအဝေးကို တက်ရောက်လာသည့် မိမိတို့ ဝန်ကြီးဌာန ရုံးခွဲအသီးသီးကတာဝန်ခံများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများ အနေနှင့် COVID-19 ကပ်ရောဂါကြုံတွေ့နေရသည့် အချိန်ကာလမှာ ပြင်ဆင် ဆောင်ရွက် ထားသင့်သည့်အချက်များနှင့် COVID-19 ကာလ အလွန်မှာ ဆောင်ရွက်သင့် သည့် အချက်များကို အကြံပြုဆွေးနွေးပေးကြဖို့တိုက်တွန်းလိုပါကြောင်း ။ အခုကြုံတွေ့ရတဲ့ အခက်အခဲ များကြောင့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ထိကျဆင်းနိုင်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းမှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ ၃၀၀ မှ ၄၅၀ ဘီလီယံခန့်ထိဆုံးရှုံးနိုင်ကြောင်း၊ ယခင် SARS နှင့် ကမ္ဘာ့စီးပွားပျက်ကပ်ကြုံတွေ့ခဲ့ရသည့် ကာလ များဖြစ်သည့် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၉ခုနှစ်တို့ထက် ပိုမိုဆိုးဝါးတဲ့အခြေအနေနှင့်ကြုံတွေ့ နိုင် ကြောင်းကိုလည်း ဖော်ပြထားပါကြောင်း ၊
နိုင်ငံတော် အစိုးရအနေနှင့် Coronavirus ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားနိုင်ရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှလည်း အခွန်အ ခလျော့ပေါ့ရေး၊ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ် များအတွက် ဖြေလျော့မှုများစီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်း များအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့ မှ ၂၀၂၁ ခုနှစ်မတ်လ (၃၁) ရက်နေ့ ကာလအထိ တစ်နှစ်တာကာလအတွက် လျော့ပေါ့ ပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ငှားရမ်းထားသည့် နိုင်ငံပိုင်ဟိုတယ်တွေ အတွက် မိမိတို့ဌာနကို ပေးသွင်းရမည့် ဟိုတယ်ငှားရမ်းခ၊ မြေငှားရမ်းခများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ(၆)လရွေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
နိုင်ငံတော်အနေနဲ့ CMP လုပ်ငန်းများ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် ဦးစားပေးကုစား ရမည့်ကဏ္ဍများအဖြစ သတ်မှတ်ပြီး COVID-19 Fund ထူထောင်ကာ အတိုးနှုန်း၁ရာခိုင်နှုန်း၊ချေးငွေကာလ တစ်နှစ်သတ်မှတ်ပြီး ချေးငွေထုတ်ပေးခြင်းများ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုအခါ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ၊ အာရှပစိဖိတ်ခရီးသွား လုပ်ငန်းအဖွဲ့နှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့တို့ကလည်း COVID-19 နဲ့ပတ်သက်လို့ အသင်းဝင်နိုင်ငံများနဲ့ Online ကတစ်ဆင့် ဆွေးနွေး ညိှနှိုင်းမှုများလည်း ဆောင်ရွက်နေပါကြောင်း၊ ယခုလာမဲ့ ဧပြီ ၂၉ ရက်နေ့မှာ COVID-19 နဲ့ ပတ်သက်လို့ အာဆီယံခရီးသွားဝန်ကြီးများ အထူး အစည်းအဝေးကို Video Conferencing ပြုလုပ်မှာ ဖြစ်ပါ ကြောင်း။ဒါကြောင့် ယနေ့ ပြုလုပ်သည့် ” Online Workshop on Crisis Management Rethink, React and Recovery” ကိုတက်ရောက်လာကြသည့် ရုံးခွဲတာဝန်ခံများနဲ့ ပုဂ္ဂလိက ခရီးသွား လုပ်ငန်း ကျွမ်းကျင်သူများ၏ အကြံပြုဆွေးနွေးချက်များဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုနေသည့် ကဏ္ဍ တစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် များစွာ အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုး တိုးတက်ရန် ရလဒ်ကောင်း၊ အကြံဉာဏ်ကောင်းတွေရရှိဖို့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြပါရန် တိုက်တွန်းပြောကြား လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ရုံးခွဲတာဝန်ခံများက COVID-19 ကာလအတွင်း ဒေသ အလိုက် ဆောင်ရွက်နေမှုအခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေ များ ၊ COVID-19 အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြပါသည်။
ဆက်လက်၍ Coronavirus Disease 2019 (COVID-19 ) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဉီးအောင်နိုင်ဉီးက နိုင်ငံတော်က COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ခရီးသွားလုပ်ငန်းများကို ကုစားဆောင်ရွက်နေမှုများ ၊ ခရီးသွား ကဏ္ဍတွင် COVID-19 ၏ Impact Assessment ပြုလုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး Direct Financial Support နှင့် Indirect Financial Support များကို ပိုမိုထိရောက်စွာပေးသင့်ပါကြောင်း၊ လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေ (Crisis) မျိုးဖြစ်၍ ဖြေလျော့ပေးသင့်သော လုပ်ထုံး လုပ်နည်းများကို ဖြေလျော့ပေးသင့်ပါကြောင်း၊ စျေးကွက်ဝင်နိုင်ငံနှင့် ခရီးစဉ်ဒေသများကို ဉီးစားပေး ရွေးချယ်၍ လုပ်ငန်း ဆောင်ရွက်ရန် Tourism Recovery Plan ရေးဆွဲသင့်ကြောင်း၊ ခရီးစဉ်၊ ခရီးသွားထုတ်ကုန်အသစ်များ ဖန်တီးသင့်ကြောင်းနှင့် Social Media သုံး၍ ပိုမိုကျယ်ပြန့်အောင် မြှင့်တင်သင့်ကြောင်း တင်ပြ ဆွေးနွေးပါသည်။
ဆက်လက်၍ ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင် ဉီးမျိူးသွင် (ဒုတိယဉက္ကဌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး အသင်း )၊ ဉီးခင်အောင်ထွန်း (အမှုဆောင် ၊ပုဂံဇုန် မြန်မာ နိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း)နှင့် ဉီးမင်းကျော်ဉီး (အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း) တို့ကလည်း COVID-19 Crisis နှင့် စပ်လျဉ်း၍ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေး အသီးသီး အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်က ယခုအစည်းအဝေးသည် မဟာဗျူဟာ ရည်မှန်းချက် ချမှတ်ရမည့်အစည်းအဝေးဖြစ်ကြောင်း၊ ပထမ မဟာဗျူဟာရည်မှန်း ချက်အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရှင်သန်ရပ်တည် နိုင်ရန် အတွက် Stimulus Package ကို အရည်အချင်းပြည့်မီသူတွေ လျင်မြန်စွာ ရရှိနိုင်ရေးဆောင်ရွက်ရန် ၊ အရည်အချင်းမပြည့်သူများအား ပြည့်မီလာအောင် Public နှင့် Private ပူးပေါင်းဆောင်ရွက် သွားရန်၊ ဒုတိယ မဟာဗျူဟာရည်မှန်းချက်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ COVID-19 အလွန် (၃) လမှ (၆) လအတွင်း ပြန်လည်စတင်နိုင်ရန် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ကူညီသွားရန် ၊ တတိယမဟာဗျူဟာ ရည်မှန်းချက် အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားမှုများ အား ဖြေလျော့ပြီးပါက လုပ်ငန်းများ မည်သို့ပြန်လည်ပြင်ဆင်လုပ်ကိုင်ရန် နှင့် Destination အသစ်များ ပြန်လည်ဖော်ဆောင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Swisscontact အဖွဲ့အစည်း တို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ Crisis Management and Leadership Online Seminar ကို ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသော Stakeholders များနှင့်အတူ Video Conferencing စနစ်ဖြင့်ကျင်းပရာ ဝန်ကြီးဌာနမှ အရာထမ်း များ ပါဝင်တက် ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။