Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ပြည်ပမှ ပြန်လည်ရောက်ရှိလာကြမည့်မြန်မာနိုင်ငံသားများကိုQuarantine ပြုလုပ်ရေးအတွက် လိုအပ်သည့် ဟိုတယ်များခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့်ပြုလုပ်

နေပြည်တော်၊ ဧပြီလ (၂၈) ရက် ယနေ့ (၂၈-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ ပြည်ပ ခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာကြမည့် မြန်မာနိုင်ငံသားများကို Quarantine ပြုလုပ်ရေးအတွက် လိုအပ်သည့် ဟိုတယ်များခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန် တိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များက Video Conferencing စနစ်ဖြင့် Online မှ ပါဝင် တက်ရောက်ဆွေးနွေးကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြားဆက်စပ် လုပ်ငန်း များအပေါ် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရေးအတွက်  ခရီးသွားလုပ်ငန်းမှ လိုင်စင် ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်တာကာလအတွက် လျှော့ပေါ့ ပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် နိုင်ငံပိုင်ဟိုတယ်များက မြေငှားရမ်းမှုများ ရွှေ့ဆိုင်းပေးသွင်းခွင့် ပြုခြင်းများကို ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းများအနေနှင့်လည်း ခရီးသည် များကို စနစ်တကျနှင့် အာမခံမှုရှိရှိ ဝန်ဆောင်မှုပေးစေလိုပါကြောင်း၊ ယခုလာမည့် (၂၉-၄-၂၀၂၀) ရက်နေ့တွင် COVID-19 နှင့်ပတ်သက်၍ အာဆီယံခရီးသွား ဝန်ကြီးများ အထူးအစည်းအဝေးနှင့် (၇-၅-၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ Healing solutions for Tourism Challenges Digital Meeting  ကို Video Conferencing စနစ်ဖြင့်ဆောင်ရွက်ရန်ရှိပါကြောင်း၊ COVID-19 အလွန်ကာလတွင် ခရီးသွား လုပ်ငန်းပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရာ တွင် ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ စနစ်တကျ အရည်အသွေးပြည့်မီရေးနှင့် သက်ဆိုင်ရာဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများက လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင်  စနစ်တကျနှင့် ခရီးသွားများ ကျန်းမာရေး၊ ခရီးစဉ်လည်ပတ်ရေးမှစ၍ အာမခံမှုရှိအောင် ဆောင်ရွက်သင့်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားများအား အဆင်ပြေပြေ အာမခံချက်ရှိရှိ ခရီးသွား နိုင်ရန် တာဝန်ယူ တာဝန်ခံပေးရမှာဖြစ်သလို ခရီးသွားများကို ဝန်ဆောင်မှုပေးမည့် လုပ်ငန်းရှင်များ လုပ်ငန်းကို အဆင်ပြေပြေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်အောင်လဲ စီစဉ် ပေးရမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ဒီနေ့ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းတွေကို ဖိစီးမှု မဖြစ်စေဘဲ Outbound ခရီးသွား တွေကို အာမခံချက် ဘယ်လိုပေးနိုင် မည်ဆိုသည်ကို ဝိုင်းဝန်း ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်များ ထုတ်ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးပြီးဖြစ်သဖြင့် ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေး ပြည့်မီစေရေး၊ အာမခံမှုရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် အသင်းအဖွဲ့များ၊ လုပ်ငန်း ရှင်များ ပူးပေါင်း၍ ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်မှုများ ချမှတ်ပေးမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက လာမည့် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ပြည်ပမှမြန်မာနိုင်ငံသားများ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာရန်ရှိရာ Hotel Quarantine လုပ်နိုင်ရေးအတွက် လုံလောက်သော Volunteer Hotel များ ရရှိအောင် ဝိုင်းဝန်းကူညီစေလိုကြောင်း ဆွေးနွေးတင်ပြပါသည်။ ၄င်းနောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များက ပြည်ပ ခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေး ပြည့်မီစေရေးဆိုင်ရာများ၊ COVID-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် အခြေအနေ များနှင့် COVID-19 ရောဂါ ကာကွယ်ဆောင်ရွက်နေမှုများ ကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။