19
May
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွားကုမ္ပဏီများအား Video Conferencing ဖြင့် တွေ့ဆုံ
နေပြည်တော်၊ မေလ (၁၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက်တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွား ကုမ္ပဏီ များအား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသော ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များက Video Conferencing စနစ်ဖြင့် Online မှ ပါဝင်တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ အစည်းအဝေးပြုလုပ်ရခြင်း အကြောင်း အရင်းမှာ COVID အလွန်ကာလ မြန်မာ့ခရီးသွား လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှုအတိုင်း အရည်အတွက် (Quantity) ထက် အရည်အချင်း (Quality) ကို ဦးစားပေးသည့် Quality rather than Quantity ကို မည်သို့ ဖော်ဆောင်မည်ကို တိုင်ပင်ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ၁-၁၀-၂၀၁၈ မှစ၍ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြေလျှော့ခွင့်ပြုပေးခဲ့ရာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဧည့်သည်များ ပိုမို ဝင်ရောက်လာကာ ၂၀၁၉ ခုနှစ်တွင် သိသိသာသာ တိုးတက်လာရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်တာ အတွင်း လာရောက်သော ခရီးသွား (၇၄၉၇၁၉) ဦးရှိခဲ့ပါကြောင်း၊ တိုးတက်လာရောက်နေသည့် တရုတ်နိုင်ငံသား ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် တရုတ် စကားပြော ဧည့်လမ်းညွှန် အရေအတွက် မလုံလောက်သည့်အတွက် အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်များကို အသုံးပြုနေရ သည်များ ရှိသည့်အတွက် တရုတ်စကားတစ်မျိုးတည်းသာ နားလည်သည့် ခရီးသွားများ မြန်မာနိုင်ငံ ကို လာရောက်လည်ပတ်စဉ် လိုက်နာရမည့် Do & Don’ts အသိပေးမှု လမ်းညွှန်မှုများ အားနည်း ခဲ့သည်ဟု သိရပါကြောင်း၊ အကျိုးဆက်အဖြစ် Tourism Destination များကို သွားရောက် လည်ပတ်သည့် တရုတ်ခရီးသွားများ၏ အပြုအမူအချို့ကို ဒေသခံများက နားလည်မှုလွဲသည့် ဖြစ်စဉ်တော်တော်များများ Social Media မှာ တွေ့ရှိရပြီး (၅-၂-၂၀၂၀) ရက်နေ့တွင် တရုတ် နိုင်ငံသားခရီးသွား (၂) ဦးကို ရှေးဟောင်းအဆောက်အဦး ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် အပြစ်ပေးအရေးယူသည့်ဖြစ်စဉ်ရှိခဲ့ပါကြောင်း၊ လက်ရှိ COVID-19 ကူးစက်ရောဂါကြောင့် Visa on Arrival, e-Visa အပါအဝင် leisure visa ထုတ်ပေးခြင်းကို ရပ်နားထားပါသဖြင့် တရုတ်ခရီးသွား ဧည့်သည် လာရောက်မှုလုံးဝမရှိတော့ပေမယ့် တရုတ်ပြည်နှင့် မြန်မာပြည်တို့တွင် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်သောအချိန်တွင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးစဉ်များ ပြန်လည် ပွင့်လင်းလာလိမ့်မည်ဟု ခန့်မှန်းပါကြောင်း၊
ထိုသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ယခင်က ကြုံတွေ့ခဲ့ရသည့် အဆင် မပြေမှုများကို ရှောင်ရှားပြီး အရည်အချင်း ရှိသော ဝန်ဆောင်မှုမျိုး ပေးအပ်နိုင်ရန် အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးထိန်းချုပ်ရန်အတွက် F.I.T များကို ဦးစားမပေးဘဲ Package Tour များကို Prepaid စနစ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အာမခံ များ ဝယ်ယူထားရှိရန် လိုအပ်သကဲ့သို့ ခရီးစဉ်တွင် တရုတ်စကားပြောဧည့်လမ်းညွှန်များ အသုံးပြု ဝန်ဆောင်မှုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရီးသွားကုမ္ပဏီများအနေဖြင့် အခကြေးငွေ ယူ၍ ဝန်ဆောင်မှု ပေးရာတွင် ပေးအပ်သည့်ဝန်ဆောင်မှုသည် အရည်အသွေးရှိရန်နှင့် အာခံချက် ရှိရန် လိုအပ်ကြောင်း၊ ယခင်က ဇီးရိုးဘတ်ဂျက်ဟုအခေါ်ခံခဲ့ ရသည့် ခရီးသွား လုပ်ငန်းမျိုးမဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်များကို အကျိုးရှိစေမည့် Quality Service ပေးနိုင်ရန် ပြင်ဆင် လုပ်ဆောင် သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များကို ဝန်ကြီးဌာနက လိုအပ်သည့် နည်းပညာပိုင်း အကူ အညီများ ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်က ထုတ်ပြန် ထားသော COVID-19 Economic Relief Plan နှင့်အညီ ခရီးသွား လုပ်ငန်းကဏ္ဍအတွက် COVID-19 Myanmar Tourism Strategic Roadmap ကို ဝန်ကြီးဌာနက ပြုစုရေးဆွဲနေကြောင်း၊ ခရီးသွား လုပ်ငန်းများ ဆက်လက် ရှင်သန်နိုင်ရန် COVID-19 ကာလအတွင်း သက်ဆိုင်ရာ လိုင်စင်ကြေး များ ကင်းလွတ်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ် လုပ်ငန်းများမှ ပညာရှင်များနှင့် လုပ်သားများအတွက် ပံ့ပိုးကူညီမှုရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေး မည်ဖြစ်ပါ ကြောင်း၊ COVID-19 Lockdown အလွန် ခရီးသွားပုံစံအသစ်တွင် Domestic Tourism ဖြင့် ပြန်လည်စတင်ပြီး ပြည်ပ ခရီးသွားများအား ပြန်လည်လက်ခံလာနိုင်သည် အထိ အဆင်သင့်ဖြစ် စေရန် COVID Safe Services များ ပေးအပ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် ပြင်ဆင်မှုများကို ခရီးသွား လုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေး ပြောကြားပါသည်။
၄င်းနောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များ က ၄င်းတို့၏ ခရီးသွားလုပ်ငန်း ဆောင်ရွက် နေမှု များ၊ COVID-19 ကာလ တွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် COVID-19 အလွန်ကာလ တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရမည့် အခြေအနေ များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။