Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်လ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် (၁၅-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ တစ်ဆင့် ဧရာဝတီမြစ်အတွင်း MGRG အမြန် ရေယာဉ်ပေါ်၌ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မန္တလေးဧည့်လမ်းညွှန့်များအသင်း၊ စားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း၊ ခရီးသည် ပို့ဆောင်ရေး အသင်းတို့မှ ဉက္ကဌများ၊ တာဝန်ရှိသူများအား အလွတ်သဘော တွေ့ဆုံ၍ ပြည်တွင်းခရီးသွား များအား အမြန်ရေယာဉ်များဖြင့် ဧရာဝတီမြစ်ကြောင်းခရီးစဉ်ကို ပိုမိုလာရောက် လည်ပတ်နိုင်အောင် ဆွဲဆောင်နိုင် ရေးဆိုင်ရာများ၊ ဧရာဝတီမြစ်အတွင်း အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာ လှပရေးဆိုင်ရာများ၊ မရမ်းခြံဆိပ်ကမ်းတွင် ဆိပ်ခံရရှိရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်နှင့် အဖွဲ့သည် စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာသို့ ရောက်ရှိကာ မြသိန်းတန်စေတီနှင့် မင်းကွန်းခေါင်းလောင်း တို့ရှိ ဘုရားဂေါပက အဖွဲ့များအား တွေ့ဆုံ၍ ဘုရားဖူးဧည့်သည်များ ဘေးကင်းလုံခြုံစွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ်ကာ ပြုစုထားရှိသော Tourism National Guidelines for COVID-19 Safe Services (Beta Version-V) နှင့်အညီ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မင်းကွန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အမှတ်တရပစ္စည်းရောင်းချသူများ၊ လမ်းဘေး စေျးသည်များနှင့် စက်လှေသမားများအတွက် COVID-19 Relief Package (1) ခရီးသွား လုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးဉီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးခင်မောင်သိန်းတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။   ၎င်းနောက် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မန္တလေးမြို့ ဉီးပိန်တံတားအနီး တောင်မင်းကြီး ဘုရားပရဝုဏ်၌ တောင်သမန်လှေသမားများအတွက် COVID-19 Relief Package (1) ခရီးသွား လုပ်ငန်း(အခြေခံ)သင်တန်း ဖွင့်လှစ်ပို့ချနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး မန္တလေး ဘူတာကြီးသို့ ဆက်လက်သွားရောက်ကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန သတင်း ပြန်ကြားရေးကောင်တာ (Information Counter)တွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်း ခရီးသွားစစ်တမ်း (Survey) ကောက်ယူနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ညနေ ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေး-မြစ်ကြီးနား အမြန်ရထားဖြင့် နဘားမြို့သို့ ထွက်ခွာပြီး (၁၆-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကသာခရိုင် DMO အဖွဲ့ဝင်များနှင့် ကသာ Heritage Trust အဖွဲ့များလိုက်ပါ၍ ကသာခရိုင် မော်လူးမြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက White City ခံတပ်နှင့် ဟဲနူးပြတိုက်၊ ကသာမြို့နယ်အတွင်းရှိ ကိုလိုနီခေတ် အဆောက်အဉီများဖြစ်သည့် ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်ရဲဝန်ထောက်ဘဝဖြင့် ကသာမြို့တွင် နေထိုင်ခဲ့သည့် အိမ်၊ သစ်တော၊ အခွန်၊ ဝန်ထောက်မင်းအိမ်၊ သစ်တောအရေးပိုင် အိမ်နှင့်ရုံး၊ လမ်းအရေးပိုင်အိမ် (လမ်း ဘက်ဌာန)၊ မီးရထားလမ်းအရေးပိုင်အိမ်နှင့် မီးရထားသံလမ်း ဗိုလ်အိမ်များသို့ သွားရောက်ကာ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ၊ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာလည်ပတ် နိုင်မှုများ၊ ခရီးစဉ် လမ်းကြောင်းအသစ်များ ဖော်ထုတ်နိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့နယ် သာဂရကျေးရွာသို့ သွားရောက်ကာ ကျေးရွာရှိ သစ်သားသက်သက်ဖြင့် အမြင့်ပေ (၁၀၀) ဆောက်လုပ်ထားသည့် ဘုံခုနှစ်ဆင့် ဘုန်းကြီး ကျောင်းအတွင်း ဘုရားဖူးများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များပါ Physical Distancing သတ်မှတ်ချက်များနှင့်အညီ လာရောက်ဖူးမြော် လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ကျောင်းထိုင် ဆရာတော်ထံသို့ အလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ကသာခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော်မတီ (DMO) များအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ ကသာခရိုင်ရှိ ဒေသန္တရအာဏာပိုင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်အောင်မြင်မြင် ပူးပေါင်းလုပ်ဆောင်နေသည်ကိုတွေ့ရ၍ ဝမ်းမြောက်မိပါကြောင်း၊ ပြည်ပခရီးသွားများ မစတင်နိုင် သေးချိန်တွင် ပြည်တွင်းခရီးသွားများဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် ဘေးကင်း လုံခြုံစွာ သွားလာလည်ပတ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် သတ်မှတ်ချက်များကိုလိုက်နာရေး ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(DMO)မှ ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အင်းတော်မြို့သို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ် အတွင်းက တည်ဆောက်ခဲ့သော ဂျပန်မြေအောက် စစ်ဆေးရုံ ပြန်လည်ဖော်ထုတ်မှု အခြေအနေ များနှင့် တူးဖော်ရရှိသည့် ပစ္စည်းများအား ပြသထားသည့် ပြတိုက်အား လှည့်လည်ကြည့်ရှုခဲ့ ပြီးနောက် အင်းတော်လေးအင်းသို့ ဆက်လက်သွားရောက်ကာ ခရီးသွားပြည်သူများ အပန်းဖြေ လည်ပတ်နိုင်ရန်နှင့် အမှိုက်ကင်းစင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မန်လည်ရွာသို့ ဆက်လက်သွားရောက်ပြီး မန်လည်ဆရာတော်ဘုရားကြီး ရုပ်ကလပ်အား ဖူးမြော် ကြည်ညိုကာ နာယက ဆရာတော်အား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်းတော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြုံး၊ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်၊ ဒုတိယရဲမှူးကြီး ဦးမြင့်သောင်းနှင့် အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်တို့အား အင်းတော်မြို့ ဆောက်လုပ်ရေးဧည့်ရိပ်သာ၌ တွေ့ဆုံ၍ အင်းတော်မြို့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ဒုတိယဝန်ကြီးသည် ညနေပိုင်းတွင် မြစ်ကြီးနား- မန္တလေး အမြန်ရထားဖြင့် အင်းတော် ဘူတာမှ ထွက်ခွာ၍ မဲဇာဘူတာ၊ ကောလင်းဘူတာတို့တွင် ဘူတာရုံပိုင်ကြီးများနှင့် တွေ့ဆုံကာ ပြည်တွင်းခရီးသည်များ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရန် Physical Distancing ဆောင်ရွက် ထားရှိမှုများ အား လေ့လာကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။