17
Nov
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ ဝန်ထမ်းထု တွေ့ဆုံပွဲကို Video Conferencing စနစ်ဖြင့် online မှ ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ (၁၇) ရက်
ယနေ့ (၁၇-၁၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းထုတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing ဖြင့် online မှ ပါဝင်တက်ရောက်ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခု၂၀၂၀ပြည့်နှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တည်ထောင်ခဲ့သည်မှာ (၂၈)နှစ်ပြည့်ပါကြောင်း၊ ယခင်နှစ်များတွင် အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ၀န်ကြီးဌာန နှစ်ပတ်လည် အခမ်းအနားကိုလာမည့် (၂၄) ရက်နေ့တွင် ကျင်းပသွား ရန်ရှိပါကြောင်း၊ COVID ကပ်ရောဂါကူးစက်မှုကို ထိန်းသိမ်း ကာကွယ်ရန် online မှ ကျင်းပမှာဖြစ်ပြီး အဓိကအနှစ်သာရ တစ်ခုမှာ ထူးချွန်၀န်ထမ်းတွေကို အသိအမှတ်ပြုမည်ပါကြောင်း ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများထဲမှ ထူးချွန်၀န်ထမ်းများကို ရွေးချယ်ပြီး ချီးမြှင့်သွားမည်ဖြစ်ပြီး ထူးချွန်၀န်ထမ်းရွေးချယ်ရာတွင် အထက်အရာရှိရဲ့ ပေးမှတ် ကိုသာမက အရာထမ်းအချင်းချင်း အမှုထမ်းအချင်းချင်း ပေးမှတ်ကိုပါ ထည့်သွင်း စဉ်းစားသွား မည် ဖြစ်ပါကြောင်း၊ ၂၀၁၈ အမျိုးသားခရီးသွားဥပဒေအရဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဥပဒေအရ ခရီးသွားလုပ်ငန်းလိုင်စင်တွေ ထုတ်ပေးတာကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်၀န်ကြီးချုပ်တွေ ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတွေကို လွှဲပြောင်းပေးပြီးနောက် ၀န်ကြီးဌာနကို အာဏာပိုင်၀န်ကြီးဌာနအဖြစ်မှ ၀န်ဆောင်မှုပေးသည့် ၀န်ကြီးဌာနအဖြစ် ပြောင်းလဲဖို့ မူဝါဒချမှတ်ပြီးဖြစ်ပါကြောင်း၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ၀န်ထမ်း၀န်ဆောင်မှုလက်စွဲ service manual ကိုပြုစုပြီးဖြစ်ရာ ၀န်ထမ်းအားလုံးကို ဖြန့်ဝေ ပေးမှာဖြစ်ပြီး ကျေညက်အောင် လေ့လာထားရန်နှင့် လက်စွဲစာအုပ်အတိုင်း ၀န်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ၀န်ဆောင်မှုတိုးတက်ဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ သင်တန်းတွေ ပေးသွားဖို့ ရှိပါကြောင်းပြောကြားပါသည်။
COVID ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်ဖို့ Myanmar Tourism Strategic Rescue Roadmap MTSRR ကိုနိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ အမျိုးသား အဆင့်ရေးဆွဲအတည်ပြုပြီးဖြစ်ပါကြောင်း၊ COVID ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝကို အတိုင်းအတာတခုအထိ ကန့်သတ်မှုတွေ ပြုလုပ်ထားလို့ ရေရှည်မှာ စား၀တ် နေရေးအတွက် COVID ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လိုအပ်ပါကြောင်း၊ ဒီအတွက် ၀န်ကြီးဌာနက Enchanting Myanmar Health & Safety Protocols for Safe Tourism Myanmar ကို ရေးဆွဲပြုစုပြီးဖြစ်တယ်။ လုပ်ငန်းတွေ ဒီ Protocol နဲ့ အညီ လိုက်နာပြီး ပြန်လည် စတင်နိုင်ဖို့ industry ကို သင်တန်းတွေ ပေးသွားရမှာ ဖြစ်တယ်။ သင်တန်းဆရာတွေ လိုက်နာမှု စစ်ဆေးမဲ့ inspector တွေကိုလဲ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးဖို့ရှိပါကြောင်းပြောကြားပါသည်။
ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာနက ဘာတွေလုပ်ဆောင်နေတယ်ဆိုတာကို သိရှိထားဖို့၊ မိမိတို့မူလတာ၀န်တွေကို ထမ်းဆောင်တာအပြင် နိုင်ငံရဲ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးရေးအတွက် ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကိုလဲ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပေးကြဖို့လည်း လိုအပ်ပါ ကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ဝန်ကြီး ဌာနမှ ထူးချွန်ဝန်ထမ်းရွေးချယ်ရေးနှင့် ရွေးချယ်ရာတွင် ဆောင်ရွက်ရမည်ကိစ္စရပ်များ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် Regional Master Plan ရေးဆွဲရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဝန်ထမ်းများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုကို Standard Operation Procedure (SOP) ရေးဆွဲပြီးဖြစ်သဖြင့် ၎င်းအတိုင်းဆောင်ရွက်ရန်နှင့် ရုံးခွဲများအနေဖြင့် ၃ လ တစ်ကြိမ် လုပ်ငန်းစီမံချက်များ တင်ပြ ဆောင်ရွက်ရေးဆိုင်ရာများ၊ COVIDကာလအတွင်း ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားသည့် ဝန်ထမ်း များ၏ လက်ရှိအခြေအနေများကို ရုံးခွဲများအလိုက် ပြန်လည်တင်ပြရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပါသည်။
၎င်းနောက် ရုံးခွဲများမှ မေးမြန်းတင်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။