Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ သြဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခရီးစဉ်ဒေသဖွံ့ဖြိုး တိုးတက် စေရန် ဇူလိုင်လ၃၁ ရက်နေ့တွင်  တာချီလိတ်မြို့၊ Goden Triangle Paradise Hotel သို့ သွားရောက်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင် ထားရှိမှုများ၊ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ် ဝမ်ပုံဆိပ်ကမ်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)၊ မြန်မာ-လာအို-ထိုင်း  သုံးနိုင်ငံ ရွှေတြိဂံနေရာများကို ခရီးသွားဆွဲဆောင်မှုနှင့် ခရီစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်မှု အခြေအနေများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ တာချီလိတ်ရုံးခွဲ၏ သတင်းနှင့်ပြန်ကြားရေးကောင်တာ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး (တာချီလတ်) အဆောက်အဦအသစ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး မိုင်းဖုန်းဆရာတော်ကျောင်းအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။     ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် တာချီလိတ်မြို့နယ်တွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ(DMO)တွင် ပါဝင်မည့် သူများအား  အာခါရိုးရာစားသောက်ဆိုင်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေပါ ပြဒါန်းချက်များ နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ကြီးချုပ်များဦးဆောင်သည့် ဒေသဆိုင်ရာခရီသွား လုပ်ငန်းကော်မတီများဖွဲ့စည်း၍ လုပ်ပိုင်ခွင့်များ ခွဲဝေပေး ခဲ့ကြောင်း၊ သက်ဆိုင်ရာဒေသအလိုက်  ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီဖွဲ့စည်းရာတွင် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသအသစ်နှင့် ခရီးစဉ်လမ်းကြောင်းအသစ်များကို ထိထိရောက် ဆောင်ရွက်နိုင်ရန် ဒေသခံများ၊ ဒေသအာဏာပိုင်များနှင့် လုပ်ငန်းရှင်များကို အချိုးညီညီ ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ လုပ်ငန်းပြန်လည် စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဉီးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးသွားပြည်သူ များနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးသတ်မှတ်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရန် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားရာ တက်ရောက်လာကြသည့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်​ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။   ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၁ ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ ဟွေရုံကျေးရွာနှင့် ဟွေဇုန်ကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်နိုင်မှုအခြေအနေများ၊ ခရီးစဉ် အသစ်များ ဖော်ဆောင် နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျိုင်းလပ်မြို့အနီးရှိ မြန်မာ-လာအို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသို့ သွားရောက်ကာ Travel bubble ဖော်ဆောင်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ ဗုဒ္ဓဉယာဉ်၌  ဘုရားဖူးခရီးသွားလာမှု အခြေအနေများကို ကြည့်ရှုကာ ဗုဒ္ဓဉယာဉ်ဆရာတော်ထံ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် မြရွှေရည်ရေပူအပန်းဖြေစခန်း  ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။