

24
Jun
အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများ Video Conferencing ဖြင့် ဆက်လက်ကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန်လ (၂၄) ရက်
(၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူ ပါဝင်ရေး ကော်မတီအစည်းအဝေးကို မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပူးတွဲဒုတိယ ဥက္ကဋ္ဌများအဖြစ်ကြီးမှူး၍ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၃:၃၀နာရီအထိ လည်းကောင်း၊ (၉)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းအရင်းအမြစ် များ ကြီးကြပ်အကဲဖြတ်ခြင်းကော်မတီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် ကြီးမှူး၍ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၃)ရက်နေ့ နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၃:၃၀နာရီအထိ လည်းကောင်း Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ ကြပါသည်။
အဆိုပါအစည်းအဝေးများမှ အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာအား ကာလလယ် ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ခြင်းနှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နစ် နာမှုများကို ပြန်လည်ကုစားနိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ကော်မတီအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများအားလုံးနှင့် ကာမိစေရေး အဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက် များကို Survey ကောက်ယူသွားရေး ညှိနှုင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာကို အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်တွင်ထုတ်ပြန်ရေး Timeframe အဆိုပြုတင်ပြချက်အပေါ်အတည်ပြုခြင်း၊ COVID-19 နှင့်စပ်လျဉ်း၍အာဆီယံအတွက်နည်းပညာနှင့်လိုအပ်သည့် အကူအညီများပြင်ပအဖွဲ့အစည်း များမှ ရယူရေး ညှိနှိုင်းထားရှိမှုအခြေအနေအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြအစီရင် ခံခြင်းများကို ဆွေးနွေးညှိနှိုင်းခြင်း၊ ၂၀၂၀ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်ရန် လျာထားသည့် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် ဆောင်ရွက်နိုင် မှုရှိ/မရှိ စိစစ်သုံးသပ်ခြင်း၊ ၂၀၂၁ ခုနှစ်တွင်း ဆောင်ရွက်လိုသော လုပ်ငန်းစီမံချက်များကို စိစစ် အကဲဖြတ်ခြင်း၊ အာဆီယံခရီးသွားလုပ်ငန်းရန်ပုံငွေသို့ အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ထားသော ထည့်ဝင်ငွေများအနက် သုံးစွဲမှုအခြေအနေနှင့် လက်ကျန်ရန်ပုံငွေအခြေအနေများကို တင်ပြ အစီရင်ခံမှုအခြေအနေများကို ဆွေးနွေးအတည်ပြုခဲ့ပါသည်။
ထို့အပြင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ခရီးသွား လုပ်ငန်းဝန်ကြီးများ၏ Video Conference အထူးအစည်းအဝေးမှ အတည်ပြုခဲ့သော COVID-19 ကြောင့် အာဆီယံခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုအခြေအနေများနှင့် သက်သာ လျော့ပါးရေးအတွက် ပံ့ပိုးကူညီမှုဆိုင်ရာအစီရင်ခံစာကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ပြင်ဆင်ထုတ်ပြန်ရေးနှင့် အဖွဲ့ဝင်နိုင်ငံအလိုက် နောက်ဆုံးအခြေအနေများကို ပြုစု ပေးပို့ရေး အဆိုပြုချက်ကို ဆွေးနွေးအတည်ပြုခဲ့ပါသည်။
အဆိုပါအစည်းအဝေးများကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပါဝင်တက်ရောက် ခဲ့ကြပြီး အစည်းအဝေးအစီအစဉ်အလိုက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေများကို ပါဝင် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အဆိုပါကော်မတီအစည်းအဝေးများကို COVID-19 အခြေအနေပေါ် မူတည်၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလဆန်းတွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
