14
Oct
အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၅)ကာလလယ်ပြန်လည်သုံးသပ်ရန် အတွက် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော်၊ အောက်တိုဘာလ (၁၄)ရက်
အာဆီယံခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာ ဗျူဟာ စီမံကိန်း(၂၀၁၆–၂၀၂၅)ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ (၅)နှစ်ကာလရောက်ရှိပြီးဖြစ်သဖြင့် ကာလလယ်ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၇:၃၀)နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ–တရုတ်ဗဟိုဌာန၊ အာဆီယံ– ဂျပန်ဗဟိုဌာန၊ အာဆီယံ–ကိုရီးယား ဗဟိုဌာန၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ မှကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကခရီးသွား လုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း(၂၀၁၆–၂၀၂၅) ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များအပေါ် ကာလလယ်သုံးသပ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စစ်တမ်းကောက်ယူခဲ့သည့်ရလာဒ်များနှင့် တွေ့ရှိချက်များအရ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁–၂၀၂၅ တွင် ဦးစားပေး ဆောင်ရွက်သွားမည့်လုပ်ငန်းစီမံချက်များ၊ COVID-19 အခြေအနေအရ အသစ်ထပ်မံထည့်သွင်းသွား မည့်လုပ်ငန်းစီမံချက်များကို အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်များက ပဏာမညှိနှိုင်းဆွေးနွေး ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြံပြုချက်များကို ရယူခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁–၂၀၂၅ ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလကုန်ခန့်တွင် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်များ၏ ထောက်ခံအတည်ပြုချက်ဖြင့် အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများက ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။