
09
May
အာဆီယံဒေသအတွင်း အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ် အကောင်အထည်ဖော်မှုမြှင့်တင်နိုင်ရေး အာဆီယံနှင့်အရှေ့အာရှ စီးပွားရေး သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံမှဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
နေပြည်တော် မေ ၆
အာဆီယံဒေသအတွင်း အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP) အကောင်အထည်ဖော်မှုကို မြှင့်တင်နိုင်ရေး လေ့လာသုံးသပ်မှု စာတမ်းကို အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (Economic Research Institute for ASEAN and East Asia-ERIA) က ရေးဆွဲပြုစုလျက်ရှိရာ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထားအကြံပြုချက်များ ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်ဌာနများ၊ တက္ကသိုလ်ကောလိပ် များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာ ရှင်များဖြင့် ဖွဲ့စည်းထားရှိသည့် နိုင်ငံအဆင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အဖွဲ့နှင့်ခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင် များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး အဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်သက်ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ASEAN MRA-TP တွင် ဟိုတယ်နှင့်ခရီး လှည့်လည်ရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ၃၂မျိုး အပြင် Meeting, Incentive, Convention, Exhibition-MICE နှင့် Event ဆိုင်ရာ အလုပ်အကိုင်များကို ထပ်မံတိုးချဲ့ ထည့်သွင်းရေး နောက်ဆက်တွဲ ပြင်ဆင်ချက် အခြေပြ စာချုပ်ကို အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများက လက်မှတ်ရေးထိုးလျက် ရှိရာ မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ လာအိုနိုင်ငံမှ လက်မှတ်ရေးထိုးရန် ကျန်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး စုံညီစွာ လက်မှတ်ရေးထိုးပြီးပါက အဆိုပါ သဘောတူညီချက် အတည်ပြုဝင်ရောက်ရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် ယခုလေ့လာသုံးသပ်မှုသည် ၁၀ နှစ်တွင် (၁)ကြိမ် ဆောင်ရွက်ခြင်းဖြစ်၍ အစီရင်ခံစာမှတစ်ဆင့် ASEAN MRA-TP အကောင်အထည်ဖော်ဆောင်မှုကို ထိထိရောက်ရောက် အထောက်အကူပြုစေရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသန အဖွဲ့မှ အကြီးတန်းစီးပွားရေး အကြံပေး Dr. Aladdin Rillo က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ASEAN MRA-TP အကောင် အထည်ဖော်ဆောင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုသည် ၂၀၂၂ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လေ့လာသုံးသပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအလိုက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် အားနည်းချက်၊ အားသာချက် များကို လေ့လာဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပိုမိုကောင်းမွန်သော အကြံပြုချက်များဖြင့် အရည် အသွေးပြည့်ဝသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် နိုင်ရေး၊ ကျွမ်းကျင်မှုများကို စစ်ဆေး အကဲဖြတ်သည့် လုပ်ငန်းစဉ်များ ပိုမိုရှင်းလင်း လွယ်ကူရေး၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုထိရောက်နိုင်စေရန် ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံအတွင်း MRA-TP အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအနက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အပါအဝင် အကောင်အထည်ဖော်မှုတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းများနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပိုမိုချောမွေ့လွယ်ကူစေရေး အကြံပြုချက်များ၊ ကျွမ်းကျင် လုပ်သားများ ရွှေ့ပြောင်းလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေး ဖြေလျှော့ဆောင်ရွက်ပေး နေမှုများနှင့် ထိုသို့ဖြေလျှော့ပေးရာတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူအခွင့်အလမ်းရရှိနိုင်ရေး အလေးပေး ဆောင်ရွက်စေလိုသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
သတင်းစဉ်
Source From: Myanma Alinn