17
Jan
အီတလီနိုင်ငံ၊ Veneto ဒေသမှ အဖွဲ့ဝင် (၄) ဉီး ပါဝင်သည့် စက်ဘီးစီးအဖွဲ့ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်
နေပြည်တော်၊ ဇန်နဝါရီလ (၁၇) ရက်
အီတလီနိုင်ငံ၊ Veneto ဒေသမှ အဖွဲ့ဝင်(၄) ဉီး ပါဝင်သည့် စက်ဘီးစီးအဖွဲ့သည် (၁၅.၁.၂၀၂၀) ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးသို့ရောက်ရှိလာပြီး (၁၆.၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မင်းကွန်း ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး၊ မြသိန်းတန်ဘုရားများသို့ လည်းကောင်း၊ မန္တလေးမြို့ပေါ်ရှိ ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း (ရွှေနန်းတော်ဘုန်းကြီးကျောင်း)၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်း၊ မဟာမြတ်မုနိဘုရားနှင့် ဉီးပိန်တံတားသို့ သွားရောက်လည်ပတ်ကြည့်ရှု့ခဲ့ကြပါသည်။
ထိုစက်ဘီးစီးအဖွဲ့နှင့်အတူ စစ်ကိုင်းနှင့်မန္တလေးတို့မှ အပျော်တန်းစက်ဘီးစီးအဖွဲ့တို့ပူးပေါင်း ပါဝင်ခဲ့ပြီး စုစုပေါင်းစက်ဘီးစီးရေ (၃၅) စီးဖြင့် လည်ပတ်ခဲ့ကြရာ ခရီးစဉ်တစ်လျှောက် အဆင်ပြေ ချောမွေ့စွာ သွားလာ လည်ပတ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ဆက်စပ် ဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင်ကူညီကြကြောင်း သိရပါသည်။
အဆိုပါစက်ဘီးစီးအဖွဲ့သည် မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ အောင်ပန်း၊ ရမည်းသင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ ခရီးစဉ်ဒေသများသို့ သွားရောက် လည်ပတ်မည်ဖြစ်ရာ ခရီးစဉ်တစ်လျှောက် သက်ဆိုင်ရာဒေသများမှ အပျော်တမ်းစက်ဘီးစီးအဖွဲ့များ ပူးပေါင်းပါဝင်၍ (၁၅.၁.၂၀၂၀) ရက်နေ့မှ (၅.၂.၂၀၂၀) ရက်နေ့အထိ လည်ပတ်ပြီး (၅.၂.၂၀၂၀) ရက် နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ပါသည်။
ထိုစက်ဘီးခရီးစဉ်အား မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ၏ အားကစားခရီးသွား လှုပ်ရှားမှုအစီအစဉ်အဖြစ် MRTV-4 ရုပ်သံလိုင်းမှ လိုက်ပါရိုက်ကူး၍ အဆိုပါရုပ်သံအစီအစဉ်များကို channel-7 တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။