Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

(၅၂) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၁ (၅၂) ကြိမ်မြောက် မဟာမဲ​ခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid  စနစ်ဖြင့်  လက်ခံကျင်းပသည်။ အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မဟာမဲခေါင်ဒေသခွဲအနေဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများနှင့် နိုင်ငံတကာခရီးသွားများအား စဉ်ဆက် မပြတ်ဆွဲဆောင်နိုင်ခြင်းတို့ကြောင့် ကမ္ဘာကသိသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝအလှတရားများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် တစ်မူထူးခြားသော အတွေ့အကြုံများ၊ ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းမှ လာရောက်လည်ပတ်သူများအတွက် ဆွဲဆောင်မှုရှိသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ မဟာ မဲခေါင်ဒေသခွဲ မဟာဗျူဟာ ၂၀၃၀ တွင် ဖော်ပြထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်ကို တွေ့ရကြောင်း၊ယင်းမဟာ ဗျူဟာသည် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ အကြား ချိတ်ဆက်မှုတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်ပါကြောင်း။ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်တွင် မဟာမဲခေါင်ဒေသခွဲသို့ ခရီးသွားဧည့်သည် ၇၃ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ အဆိုပါကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်လာ စေရန်နှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ကျင်းပမည့် အစည်းအဝေးများက အဖွဲ့ဝင်နိုင်ငံများ အကြား ခိုင်မာအားကောင်းသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင် ပြီး မဟာမဲခေါင်ဒေသခွဲရှိ ခရီးသွားကဏ္ဍအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖန်တီးနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ ၎င်းအပြင် အဖွဲ့ဝင်နိုင်ငံများအကြား ဟန်ချက်ညီပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများအကြား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်း၊ ခရီးစဉ်ဒေသများအကြောင်း၊ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာ မဲခေါင် ခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဟာမဲခေါင်ဒေသခွဲ ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။ အဆိုပါအခမ်းအနားများသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊  ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ Designated Areas for Sustainable Tourism Administration (DASTA) အဖွဲ့မှ ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာရှပစိဖိတ်ခရီးသွား လုပ်ငန်းအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံးဘုတ်အဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon

Leave a Reply