Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
ASEAN_MOHT_Main-Banner_(Desktop)1400x500

အရှေ့တောင်အာရှနိုင်ငံများအသင်း

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သောအင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများကအာဆီယံကြေငြာစာတမ်း (ဘန်ကောက်ကြေညာ စာတမ်း) ကိုလက်မှတ်ရေးထိုးပြီး စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ဘရူနိုင်းဒါရုစလမ်နိုင်ငံသည် (၇.၁.၁၉၈၄) ရက်နေ့တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် (၂၈.၇.၁၉၉၅) ရက်နေ့တွင်လည်းကောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် (၂၃.၇.၁၉၉၇) ရက်နေ့တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည်(၃၀.၄.၁၉၉၉)ရက်နေ့တွင် လည်းကောင်း တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကြပြီး ယခုအချိန်တွင်အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) သည် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း (၁၀) နိုင်ငံဖြင့် ရပ်တည်လျှက်ရှိပါသည်။

ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များ

အာဆီယံကြေငြာစာတမ်းပါ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ ရည်မှန်းချက် နှင့် ရည်ရွယ်ချက်များမှာ-

(က)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားသာယာဝပြောပြီး၊ တည်ငြိမ်အေးချမ်းစေရန် ရည်သန်၍ သာတူညီမျှပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်း စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်မြင့်မားရေးနှင့် ယဉ်ကျေးမှုများတိုးတက် ဖွံ့ဖြိုးရေးတို့ကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်

(ခ)     အဖွဲ့ဝင်နိုင်ငံများအကြားတရားမျှတမှု၊ ဥပဒေစိုးမိုးမှုနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးကသတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်း လိုက်နာမှုများမှ တဆင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုမြှင့်တင်သွားရန်

(ဂ)     စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ သိပ္ပံပညာရပ်များနှင့် စီမံခန့်ခွဲမှု စသောနယ်ပယ်များတွင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန် အလှန် အထောက်အကူပြုမှုများကိုတိုးမြှင့်သွားရန်

(ဃ)    ပညာရေး၊ သက်မွေးပညာရပ်များ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုနယ်ပယ်များတွင် သင်တန်းများဖွင့်လှစ်ခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် အပြန် အလှန်ကူညီထောက်ပံ့သွားရန်

(င)     ဒေသနေပြည်သူများ၏ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍအသုံးချမှု ပိုမိုတွင်ကျယ်စေ ရေး၊ နိုင်ငံတကာကုန်သွယ်မှုအခက်အခဲများကို ရင်ဆိုင်ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုတိုးချဲ့စေရေး၊ ပို့ဆောင်ဆက်သွယ်ရေးအထောက်အပံ့များ တိုးမြှင့် ခြင်းနှင့် ဒေသနေပြည်သူများ၏ လူမှုအဆင့်အတန်းမြှင့်မားစေရေး ကိစ္စရပ်များ အတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်

(စ)               အရှေ့တောင်အာရှရေးရာလေ့လာမှုများကိုမြှင့်တင်သွားရန်

(ဆ)    နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား ဖြစ်တည်ပြီးသောတူညီသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို နီးကပ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ထိန်းသိမ်းသွားရန်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် နယ်ပယ်များရှာဖွေဖော်ထုတ် သွားရန် တို့ဖြစ်ပါသည်။

အာဆီယံအသိုက်အဝန်း

အာဆီယံခေါင်းဆောင်ကြီးများသည် အာဆီယံတည်ထောင်ခြင်းနှစ် (၃၀) ပြည့် အခါသမယတွင် အာဆီယံအားတည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့်မားသော၊ အချိုး ညီညီစီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုစီးပွားရေးကွာဟမှုနည်းပါးသော ဒေသကြီးဖြစ်ပေါ်လာစေရေးအတွက် အာဆီယံမျှော်မှန်းချက် (၂၀၂၀)၊ (ASEAN Vision 2020)ကိုကြေညာခဲ့ကြသည်။

၂၀၀၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်း (ASEAN Community) တစ်ခု ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်နောက်ဆုံးထား၍ အာဆီယံအသိုက်အဝန်း ကိုထူထောင်ရန် ထပ်မံကတိကဝတ်ပြုခဲ့ကြပြီး၊ စီဘူးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြ သည်။

အာဆီယံအသိုက်အဝန်းကို အာဆီယံနိုင်ငံရေးရာလုံခြုံမှုအသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံယဉ်ကျေးမှုအသိုက်အဝန်းဟူသော ကဏ္ဍကြီး (၃) ရပ်ဖြင့် သတ်မှတ် ဖွဲ့စည်းထားပါသည်။