ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လူထုအခြေပြု သဘာဝအေခြေခံခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျေးရွာ(၆)ရွာမှ အဖွဲ့ဝင် (၈၅)တို့ဖြင့် စတင်ထူထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျေးရွာ (၂) ရွာ ထပ်မံပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိတွင် ကျေးရွာပေါင်း (၈) ရွာ၊ အဖွဲ့ဝင်ပေါင်း ၃၅၂ ဦးတို့ မှ ပူးပေါင်းကာ အောင်မြင်စွာဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့ဝင်ကျေးရွာများ
ပူးပေါင်းပါဝင်ဆောင်ရွက်သော ကျေးရွာများမှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ဆင်ကျွန်းကျေးရွာ၊ အေးကျွန်းကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊မြေစွန်းကျေးရွာ နှင့် စဉ့်ကူးမြို့နယ်မှ ဆည်သည်ကျေးရွာ၊ မြစ်ကမ်းကြီးကျေးရွာတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် မှ ရွာသစ်ကျေးရွာ၊ အင်းဒေါင်းကျေးရွာတို့ ပါဝင်ပါသည်။
ရည်ရွယ်ချက်
လုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာရှိ ဒေသခံများ ခရီးသွားလုပ်ငန်းမှ တဆင့် ဝင်ငွေရရှိစေပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လာနိုင်ရန် နှင့် ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံ တွင်သာ ရှိသော ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ ပူးပေါင်းကာ ငါးဖမ်းသည့် ရိုး ရာဓလေ့ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှုများ
အဖွဲ့ဝင်များ အတွင်း ရေရှည်တည်တံ့ပြီး တူညီသော အကျိုး ကျေးဇူးများ သာတူညီမျှစွာ ရရှိစေရန်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေရန်၊ ခရီးသွားလုပ်ငန်းနှင့် ထိန်းသိမ်းရေးအသိအမြင်များ ပိုမိုသိရှိလာစေရန်နှင့် ဒေသခံများကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲ့မှုများ ပြုလုပ်လာနိုင်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ကျေးရွာလူထု၏ ပါဝင်မှုဖြင့် အဖွဲ့ဝင်များကို ရွေးချယ်ပြီး ကော်မတီဝင်များကို အဖွဲ့ဝင်များက မဲပေးရွေးချယ်ပါသည်။ ကော်မတီများ၏ စီမံ ဆုံးဖြတ်ချက်ဖြင့် ခရီးသွားဝန်ဆောင်မှုအဖွဲ့ များ စနစ်တကျ ဖွဲ့စည်းခြင်း၊ စည်းမျဉ်း စည်းကမ်းများကိုပူးပေါင်း ချမှတ်ခြင်း၊ ခရီးသွားလုပ်ငန်း၊ ထိန်းသိမ်းရေး လုပ်ငန်းနှင့် သက်ဆိုင်သော သင်တန်းများ၊ အစည်းဝေးများ ကို ပူးပေါင်းပါဝင်တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး လာရောက်လည်ပတ်သော ခရီးစဉ်များကို ဖွဲ့စည်းထားသော လူထုအခြေပြု ကော်မတီအဖွဲ့အစည်းများမှ ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသော စည်းကမ်းများနှင့်အညီ အဖွဲ့ဝင်များ၏ အကျိုးကျေးဇူးများ သာတူညီမျှရရှိအောင် စီမံဆောင်ရွက် လျက်ရှိပါသည်။လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် ကော်မတီက သဘောတူ သတ်မှတ် ရေး ဆွဲထားသော စည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပြီး အဖွဲ့ဝင်များအားလုံး သာတူညီမျှ အကျိုးခံစားခွင့် ရရှိရန် စီမံ ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် ဝန်ဆောင်မှုများမှ ရလာသော ငွေကြေးများ၏ ရာခိုင်နှုန်းအချို့ကို ကျေးရွာရန်ပုံငွေများပြုလုပ်ပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဆောက်လုပ်လှူဒါန်း ထားသော (Dolphin Community Lodge) ဧည့်သည်နားနေဆောင်ကိုလည်း အဖွဲ့ဝင်များ ကိုယ်တိုင် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ စီမံခန့်ခွဲလျက်ရှိပါသည်။ လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှတဆင့် အဖွဲ့ဝင်များသို့ ဝင်ငွေများ အထိုက်အလျောက် ရရှိခံစားလာရပြီး ခရီးသွား လုပ်ငန်းနှင့်ထိန်းသိမ်းရေးအသိပညာများ ပိုမိုသိမြင်လာကြပါသည်။
ခရီးစဉ် ဝန်ဆောင်မှုများအတွက် ရရှိသော ဝင်ငွေများကို သတ်မှတ် ရာခိုင်နှုန်းအတိုင်း ခွဲဝေပြီး ကျေး ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထည့်ဝင်ကာ ပူးပေါင်း ဆောင်ရွက်ပါသည်။ သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (WCS) နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က လှူဒါန်းထားသော Dolphin Community Lodge ဧည့်သည် နားနေဆောင်ကိုလည်း အဖွဲ့ဝင်များကိုယ်တိုင် စည်းမျဉ်းစည်းကမ်းများအတိုင်း စီမံခန့်ခွဲ လျက်ရှိပါသည်။ လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှ ဝင်ငွေနှင့် အခြားသော အကျိုး အမြတ်များ ရရှိကြပြီး ခရီးသွားလုပ်ငန်းနှင့် ထိန်းသိမ်းရေး ကို ပိုမိုနားလည် သိမြင်လာကြပါသည်။
အဆိုပါ ကျေးရွာ(၈)မှ အဖွဲ့ဝင်များ၏ သဘောတူညီမှုဖြင့် ဒေသခံဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အစုအဖွဲ့ (Dolphin Community Conservation Group-DCCA) ကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် တက်ကြွစာ ပူးပေါင်းပါဝင်လျက်ရှိပါသည်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ(၁)အတွင်းတွင် Community Patrol များ ပြုလုပ်ခြင်း၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သော ကင်းလှည့်လုပ်ငန်းများ(Joint Patrol)တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဧရာဝတီလင်းပိုင်များအပေါ်ကျရောက်လျက်ရှိသော ခြိမ်းခြောက်မှုများ ကို လျော့ပါး ပပျောက်အောင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများလဲ အောင်မြင် လျက်ရှိပါသည်။ ယခုကဲ့သို့ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စနစ်တကျဖွဲ့စည်းထားပြီး၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်မှုအားကောင်းသော၊ အကျိုးအမြတ်များကို အဖွဲ့ ဝင်များမှသာတူညီမျှစွာ ခံစားစေခြင်း၊ ပူးပေါင်းငါးဖမ်းသော ရိုးရာဓလေ့ များကို ထိန်းသိမ်းနိုင်ခြင်း၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အမှန်တကယ် တက်ကြွစွာ ပူးပေါင်းပါဝင်မှုများကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း MRTI က ပေးအပ်သော “The Best Community Involvement In Tourism” ဆုကို ရရှိခဲ့ပါသည်။ လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၏ ဦးဆောင်မှုဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ပညာရှင်များ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
(၁) ဧရာဝတီလင်းပိုင်များကို ကြည့်ရှုခြင်း
(၂) လက်ပစ်ကွန်ရေလုပ်သားနှင့်လင်းပိုင်တို့ ငါးပူးပေါင်းဖမ်းဆီးမှုကို လေ့လာခြင်း
(၃) ငှက်ကြည့်ခရီးစဉ်များဆောင်ရွက်ခြင်းနှင့် ဒေသသဘာဝများကိုလေ့လာခြင်း
(၄) စက်ဘီးစီးခြင်း နှင့် လှည်းစီးခြင်း
(၅) ကျေးလက် လူနေမှုဘဝနှင့် အိမ်တွင်းမှု လက်မှုပညာ (ယက္ကန်း၊ နွားဖြင့် စားသုံးဆီ ထုတ်လုပ်မှု၊ အိုးလုပ်ငန်း စသည်) လုပ်ငန်းများကို လေ့လာခြင်း၊
(၆) ကွန်ပစ်သင်ယူခြင်း
(၇) ကျေးလက်ဒေသခံတို့၏ ရိုးရာ ယုံကြမှု ဓလေ့များကို လေ့လာခြင်းနှင့် ပါဝင် ဆောင်ရွက်ခြင်း (ဥပမာ- နတ်တင်ခြင်း၊ ရိုးရာ ကန်တော့ပွဲ ပေးခြင်း၊ ကျေးလက် အစားအစာများ ပြုလုပ်ခြင်းနှင့် ပူးတွဲ ဆောင်ရွက်နိုင်ပါသည်၊ ဥပမာ- မုန့်ဆီကျော် ကျော်ြခင်း)
(၈) ဒေသခံများနှင့်အတူ ကျေးလက်အစားအစာများ၊ ရိုးရာမုန့်များ အတူတကွ သင်ယူ ပြုလုပ်ခြင်း။
(၉) ဒေသခံများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို လေ့လာခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း။
(၁၀) ဒေသခံများ၏ နေ့စဉ် လူနေမှုဘဝ လုပ်ငန်းများကို အတူတကွ ဆောင်ရွက် လေ့လာခြင်း။ (ဥပမာ- နွားကျောင်းလိုက်ခြင်း၊ ဟင်းရွက်ခူးခြင်း)
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
(၁) CBT အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသော ဆင်ကျွန်းကျေးရွာ၊ အေးကျွန်းကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊မြေစွန်းကျေးရွာ ဆည်သည်ကျေးရွာ၊ မြစ်ကမ်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ နှင့် အင်းဒေါင်းကျေးရွာတို့အား သွားရောက်လည်ပတ်နိုင်ပြီး အဆိုပါကျေးရွာများရှိ ရှေ့ဟောင်း စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ လက်မှုပညာများ၊ ဒေသထွက်ကုန်များကို လေ့လာနိုင်ခြင်း နှင့် ဒေသအစားအစာများ စားသုံးခြင်း
(၂) မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘေးမဲ့တော ဖြစ်ခဲ့သော ရှိန်းမကား တောရကြီးသို့ သွားရောက် လည်ပတ်နိုင်ပြီး ရှေ့ဟောင်းလက်မှုပညာများ၊ အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ဒေသရင်း ရှားပါးမျိုးစိတ်ဖြစ်သော ရွှေသမင်များကိုလေ့လာခြင်း၊ ငှက်ကြည့်ခြင်း နှင့် တောတွင်း လမ်းလျှောက် ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။
(၃) ဧရာဝတီမြစ်ရိုးတစ်လျှောက် ငှက်ကြည့်လည်ပတ်ခြင်း (မြန်မာ့ဒေသရင်း ငှက်မျိုးစိတ်များ၊ ရှားပါး နှင့် ဆောင်းခို ရေငှက်မျိုးစိတ်များ၊ ရေတိမ်ဒေသနှင့် မြက်ခင်းတောများတွင် နေထိုင် ကျက်စားသော ငှက်မျိုးစိတ်များကို လေ့လာနိုင်ပါသည်)
(၄) CBT အနီးတဝိုက်ရှိနေရာများဖြစ်သော မွန်းကွန်းပုထိုးတော်ကြီး၊ ဘိုးတော်ဘုရား၏ ယာယီ နန်းတော်ဖြစ်ခဲ့ နန်းတော်ကျွန်းကျေးရွာ၊ သုံးဆယ်ဘေးရွာရှိ ၁၁၅၀ ခုနှစ်က ဆောက်လုပ်ခဲ့သော ရှေးဟောင်းဘုန်းတော်ကြီးကျောင်း၊ စသည်တို့ကိုလည်း လည်ပတ်နိုင်ပါသည်။
(၅) အင်ဒေါင်း CBT ကျေးရွာမှတဆင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် (UNESCO World Heritage Site) ဖြစ်သော ဟန်လင်း ပျူ မြို့ဟောင်း နှင့် ကျောက်မြောင်းမြို့နယ်ရှိ စဉ့်အိုး လုပ်ငန်းများကို သွားရောက်လေ့လာနိုင်ပါသည်။
(၆) ဧရာဝတီလင်းပိုင်ထိန်းသိမ်းဧရိယာအတွင်း CBT ကျေးရွာများနှင့် ထိစပ်နေသော သဲသောင်ပြင် များအားသွားရောက်လည်ပတ်ခြင်း၊ငှက်ကြည့်ခြင်း၊ ညအိပ်စခန်းချခြင်းများလည်း ပြုလုပ်နိုင်ပါသည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
(၁) မန္တလေး – စစ်ကိုင်း မှတဆင့် ခရိုင်ခြင်းဆက် လမ်းအတိုင်း ရှိမ်မကားမှ တဆင့် အင်ဒေါင်းကျေးရွာ လမ်းကြောင်း။
(၂) မန္တလေး မှ ဧရာဝတီမြစ်အတွင်း ရေကြောင်းခရီးစဉ်။
(၃) မန္တလေး မှတဆင့် စဉ့်ကူး သို့ မော်တော်ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ခြင်း
(၄) ကုန်းလမ်း နှင့်ရေကြောင်းခရီး ၂ မျိုး အသုံးပြုပြီး အသွား၊ အပြန် မတူညီသော လမ်းကြောင်း အသုံးပြု နိုင်ခြင်း
CBT Site သို့ သွားရောက်လည်ပတ်သင့်သောအချိန်
ခရီးစဉ်များအတွက် သွားရောက်ရန် အကောင်းဆုံး ရာသီမှာ အောက်တိုဘာ လလယ်မှ မေလအထိဖြစ်ပါသည်။