ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အဘက်ဘက်မှ မြှင့်တင်ဆောင်ရွက်နေရာတွင် ပြည်သူလူထု၏ပါဝင်မှုအခန်းကဏ္ဍသည် အလွန် အရေးပါပါသည်။သို့ဖြစ်ပါ၍ လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။အဆိုပါလုပ်ငန်းတွင် ဒေသခံ ပြည်သူ နှင့် ခရီးသည်များ အကြား အပြန်အလှန် ရင်းနှီးစွာ ထိတွေ့ဆက်ဆံခြင်းဖြင့် အတွေ့အကြုံ နှင့် ယဉ်ကျေးမှု များဖလှယ်နိုင်ပါသည်။မြန်မာနိုင်ငံ၏ များပြားလှသော လူမျိုးစုများနှင့် ယဉ်ကျေးမှုမျိုးစုံတို့ ကြောင့် ခရီးသွားဧည့်သည်များအတွက် စိတ်ဝင်စားဖွယ် လေ့လာစရာ များဖြစ်သည့် CBT အစီအစဉ်များတွင် ပါဝင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံခြင်း၊ ၎င်းတို့၏ ယဉ်ကျေးမှုများကို တန်ဖိုးထားလေ့လာခြင်း၊ဒေသခံများ၏ အရည်အသွေးများတိုးမြှင့်ရေးတွင် ပါဝင်ခြင်းစသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ပါသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ပထမဆုံး သဘာဝအခြေခံခရီးသွားလုပ်ငန်းဒေသဖြစ်ပါသည်။၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ကြိုးပမ်းမှုတစ်ခုဖြစ်ပါသည်။၂၀၁၆ ခုနှစ်တွင် လုံးတုံး၊ဟိုင်းပု၊ နတ်မီးလောင်ဟီး၊ ညောင်ပင်နတ် ဟူသော ကျေးရွာ(၄) ရွာကို CBT ရွာအဖြစ်သတ်မှတ်ခဲ့သည်။ CBT ၏လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဒေသခံများမှ bed-and-breakfast ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး ပါသည်။ ခရီးသွားကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှလည်း ခရီးစဉ်များ စီစဉ်ဆောင်ရွက်နိုင်ပါသည်။ခရီးသည်များအနေဖြင့် ကယက်လှေစီးခြင်း၊ စက်ဘီးစီးခြင်း၊ ရွာထဲသို့ လှည့်လည်ကြည့်ရှုခြင်းနှင့် ဘာသာရေးနေရာများသို့ သွားရောက်လေ့လာခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
စီမံကိန်းဒေသတွင် မန္တလေးတိုင်းဒေသကြီး၊ မင်းကွန်းနှင့်ကျောက်မြောင်းရွာအကြားရှိ ရွာ(၆)ရွာ ပါဝင်ပါသည်။ ဤရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းသည် လင်းပိုင်နှင့်ဒေသခံ ရေလုပ်သား အကျိုးတူငါးဖမ်းခြင်းကို နိုင်ငံခြားသားများအားပြသနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ခရီးသွား ဧည့်သည်များသည် ဒေသခံရေလုပ်သားများ၏လမ်းညွှန်မှုအောက်တွင် ပိုက်ကွန်များဖြင့် ငါးဖမ်းခြင်းအတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်သည်။ ဧရာဝတီမြစ် တစ်လျှောက် သင်္ဘောစီးရင်း သဘာဝအလှအပများကိုလည်း ခံစားနိုင်ပါသည်။ ခရီးသွားဧည့်သည်များသည် ကျေးလက်လူနေမှုဘဝကို လေ့လာနိုင်ပြီး ဗိသုကာ လက်ရာများ၊ ဘာသာရေး၊ ရိုးရာဓလေ့များနှင့် လက်မှုပညာစွမ်းရည်များ ကို လေ့လာနိုင်ပါ သည်။
နွယ်ငြိမ်းရွာ၊ ရွှေခွန်ရွာ၊ ရွှေတိုက်ရွာ၊ မီလာမက်ဟောက်ရွာတို့တွင် ပြုလုပ်သော ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း ကဲ့သို့ နွယ်ငြိမ်းရွာတွင်ပြုလုပ်သော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းအား ၂၀၁၇ခုနှစ်နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ ပါသည်။ ခရီးသွားဧည့်သည်များ သည် အိုးလုပ်ခြင်းအတွေ့အကြုံများ တွေ့ကြုံနိုင်ခြင်း၊ ကြွေထည်လုပ်ငန်းအား လေ့လာနိုင်ခြင်း နှင့် ဒေသခံများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များကိုလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် ဧရာဝတီလင်းပိုင်များကိုကြည့်ရင်း နွယ်ငြိမ်းရွာ၏ သဘာဝအလှတရားများကို ခံစားနိုင်ပြီး သဘာဝတောကြီးထဲတွင် ရွှေသမင်များကိုလည်း မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ UNESCO အသိအမှတ်ပြုမြို့များ ဖြစ်သည့် ဟန်လင်းမြို့၊ ပြည်မြို့များသို့လည်း ခရီးသည်များသွားရောက် လည်ပတ်နိုင်မည် ဖြစ်ပါသည်။
ဇလုံတောင်ရှိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းအား ၂၀၁၇ခုနှစ်စတင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ကန့်သတ်နယ်မြေတစ်ခုထဲတွင်ပါဝင်နေသောကြောင့် ခရီးသွားဧည့်သည် များအား ဝင်ရောက်ခွင့်မပြုသေးပါ။ သို့သော် ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် စက်တင်ပါလအထိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းတွင်ပါဝင်သော ပြည်တွင်း ခရီးသွား စုစုပေါင်း ၇၆၈၅၄ ရှိပါသည်။
၂၀၁၆ ခုနှစ်တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်ရှိ ပန်ပက်၊ တနှီးလာလဲ၊ ဒေါ်တမကြီးနှင့် ထေခိုရွာများကို ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းစတင်လုပ်ဆောင်ရာဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ ကယားပြည်နယ် သည် ကွဲပြားထင်ရှားသော လူမျိုးစုများနှင့် ၎င်းတို့၏ စစ်မှန်သော ကျေးရွာလူနေမှုဘဝကို အပြည့်အဝဖော်ပြနိုင်သော ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးထမ်းများကို လေ့လာနိုင်သော ခရီးစဉ်များလည်းရှိပါသေးသည်။ ထိုခရီးစဉ် များတွင် ကယန်းလူမျိုးများ၏ယဉ်ကျေးမှု၊ နေထိုင်စားသောက်မှု၊ လက်မှုပညာ၊ ကယားပြည်နယ်၏ အသက်ရှူမှားလောက်သော ပတ်ဝန်းကျင်ရှုခင်းများ၊ ယက်ကန်း လုပ်ငန်းလေ့လာခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ဒေသခံများနှင့်အတူ ကယားဆန်အရက်နှင့် တွဲဖက်စားသုံးရန် ကယားဝက်အူချောင်း ပြုလုပ်ခြင်းကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်ပြီး ရိုးရာပွဲတော်များ ပါဝင်ဆင်နွှဲနိုင်ပါသည်။
လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့၊ ကက္ကူ ကျေးရွာများကို ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ပအိုဝ်လူမျိုးများ၏ ယဉ်ကျေးမှု၊ လက်မှုပညာ၊ စိုက်ပျိုးရေးနှင့် အချက်အပြုတ်ပုံစံများကို လေ့လာလိုသော ကမ္ဘာလှည့်ခရီးသည်များအတွက် အထူး သင့်တော်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ဒေသခံများ၏ အဆို၊ အက စသည့် ပျော်ပွဲ ရွှင်ပွဲများတွင် ပါဝင်နိုင်ပါသေးသည်။ ထို့ပြင် ရွာထဲတွင်သာ တွေ့နိုင်သော ရိုးရာဟင်းလျာများ ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ပြီး ဒေသခံများ၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုများ ပိုမို သက်ဝင်လာအောင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။
ဓနုရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းသည် ဓနုလူမျိုးများယဉ်ကျေးမှုများ နှင့် ကျွမ်းကျင်မှုများအပေါ်တွင် မူတည်နေပါသည်။ ပင်းတယမြို့နယ်ရှိ ပင်စိမ်းပင်ရွာနှင့် စီးကျအင်းရွာများတွင် ခရီးသွားဧည့်သည်များသည် ဒေသခံများနှင့်အတူနေထိုင်ခြင်းဖြင့် ဒေသခံရွာသူ/ရွာသားများ၏ ဘဝနေထိုင်မှုအစစ်အမှန်များကို လေ့လာသိရှိနိုင်ပါသည်။ ရွာတစ်ရွာစီတိုင်းတွင် ခရီးသွားဧည့်သည်များနှင့် ဒေသခံများအား ပိုမိုရင်းနှီးကျွမ်းဝင် စေနိုင်သော တည်းခိုစရာနေရာတစ်ခုစီ ရှိပါသည်။ ရပ်ရွာလူထုအခြပြု ခရီးသွား လုပ်ငန်းအစီအစဉ်များအနေဖြင့် ဒေသခံများသည် ခရီးသွားဧည့်သည်များကို ခြေလျင် တောင်တက်ခရီးစဉ်တလျှောက်တွင် သူတို့၏ ရိုးရာစိုက်ပျိုး ရေးပုံစံများကို ရှင်းလင်း ပြသပေးခြင်းများပြုလုပ်ကြပါသည်။ ဓနုလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ များကို တွေ့ကြုံခံစားနိုင်စေရန် ရိုးရာယဉ်ကျေးမှုပွဲတော်များတွင် ခရီးသွားဧည့်သည်များကို ဒေသခံများနှင့်အတူ ကခုန်သီဆိုခြင်းများပြုလုပ်စေပါသည်။
၂၀၁၆ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့အစည်းမှ ခွင့်ပြုချက်ရရှိပြီးနောက် ညောင်ရွှေမြို့နယ်ရှိ လွယ်နွဲ့ဘုရားတောင်ရေဆိပ်ကျေးရွာကို ရှမ်းပြည်နယ်ရှိ ရပ်ရွာလူထု အခြေပြုခရီးသွား လုပ်ငန်းဒေသများထဲမှ ဒေသတစ်ခုအဖြစ် သတ်မှတ်ခဲ့ ပါသည်။ ဒေသခံများနှင့် ခရီးသွားဧည့်သည်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တွန်းအား ပေးနိုင်ရန်အတွက်လည်း ဧည့်သည်(၁၂) ယောက် အထိတည်းခိုနေထိုင်နိုင်သော ဘန်ဂလို(၆)လုံးကို တည်ဆောက်ခဲ့ ပါသည်။ ၎င်းအနီးအနားတွင် ဒေသခံများ နေထိုင်ကြသောကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် ထိုရွာသူ/ရွာသားများ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကိုလည်း လေ့လာသိရှိနိုင်ပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားမှု များ လည်းဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့သောလုပ်ဆောင်နိုင်မှုများသည် ဒေသ၏ ရိုးရာသဘာဝ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးကြသော ခရီးသွား ဧည့်သည်များအတွက် ထူးခြားသော အတွေ့အကြုံများကို ခံစားရစေပါသည်။ ဒေသခံ ရွာသူ/ရွာသားများသည် မိမိတို့ဒေသနှင့် ပတ်ဝန်းကျင် အလှအပများကို လာရောက်လေ့လာသော ခရီးသွား ဧည့်သည်များအား ဧည့်လမ်းညွှန်များအဖြစ် လိုက်လံရှင်းလင်း ပြသရခြင်းအပေါ်တွင်လည်း ဝမ်းမြေက်ဝမ်းသာရှိကြပါသည်။
ရှမ်းပြည်နယ်တွင်ရှိသော စံကားရွာသည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ၂၀၁၆ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသောရွာဖြစ်ပါသည်။ ခရီးသွားဧည့်သည်များနေထိုင်နိင်ရန် နှစ်ထပ်အဆောက်အဦးတစ်ခု တည်ဆောက်ထားပြီး ခရီးသွားလုပ်ငန်းတွင် အထောက်အကူ ပြု စေခဲ့သည်။ ဆမ်ကားရွာတွင် နေထိုင်ကြသော ရွာသူရွာသားများသည် ရိုးရာအိုးလုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး ခရီးသွားဧည့်သည်များ၏ ဆွဲဆောင်ရာနေရာ အဖြစ် ရပ်တည် လျက်ရှိသည်။ စံကားရွာ အနီးရှိ မြွေတော်ဘုရားကိုလည်း အလည်အပတ် အနေဖြင့် ခရီးသွားဧည့်သည်များသွားရောက်နိုင်မည်ဖြစ်သည်။
လွယ်ပန်းစုံ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွင် ခရီးသွားဧည့်သည်များနေထိုင်နိုင်ရန် နေအိမ် (၄) လုံးတည်ဆောက်ပေးထားသည်။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွင် ပါဝင်သောဧည့်သည်များအနေဖြင့် ဖယ်ခုံမြို့နယ်တွင်ရှိသော ကနူးလှေလှော်ခြင်း နှင့် တခြားသော ရိုးရာစိုက်ပျိုးရေးလုပ်ငန်းများ၊ ရွာသူရွာသားများ၏ ချစ်စဖွယ်ဓလေ့တို့ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တောင်မြင့်ရွာ နှင့် ရာဇကြီး ရွာ သည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် ကြေငြာရန် ဆွေးနွေးလျက်ရှိသောနေရာဒေသများ ဖြစ်ကြသည်။ ၎င်းရွာများတွင် ဒေသခံ ဧည့်လမ်းညွန်များ၊ ဟိုတယ်များ နှင့် ခရီးစဉ်ဒေသ ဗဟုသုတများကို ပို့ချပေးရန် လိုအပ်လျက်ရှိသည်။ ဒါမှသာလျှင် ခရီးသွားဧည့်သည် များလည်ပတ်သောအခါတွင် ဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်သည်။
ဆော်လောင်းရွာသည် ချင်းပြည်နယ်၏ ရပ်ရွာလူထုအခြေခံသော ခရီးသွားလုပ်ငန်းဒေသများ အနက် တစ်ခုအဖြစ် ၂၀၁၇ခုနှစ်တွင်ရွေးချယ်ခံခဲ့ရပါသည်။ ခရီးစဉ်တွင် ခရီးသွားများအား ချင်းလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့များကိုလေ့လာရာတွင် အကျိုးရှိသောအတွေ့အကြုံ ကောင်းများပေးစွမ်းနိုင်ပါသည်။ ဒေသခံများမှလည်း ခရီးသွားများအား ခေါနုစုမ် တောင်တက်ခြင်း၊ ငှက်မျိုးနွယ်စိတ်မျိုးစုံတို့တည်ရှိရာ အရေးပါသောနေရာများနှင့် ခေါလောင်းရေတံခွန်၏ အလှအပများကြည့်ရှုရန် လမ်းညွှန်ပေးသွားမည်ဖြစ်ပါသည်။ ခရီးသွားများသည် အနီးအနားရှိ ရွာတွင် ညဘက်အိပ်စက်အနားယူနိုင်ပြီး ဒေသခံများနှင့် လည်းအတူတကွ ထိတွေ့ဆက်ဆံနိုင်မည် ဖြစ်ပါသည်။ ခရီးသွားများသည် ဒေသခံများကဲ့သို့ ချင်းရိုးရာ ခေါင်ရည်များသောက်ကာ အကအလှများဖြင့် ဆင်နွဲခြင်းကိုလည်း ပြုလုပ်နိုင် ပါသည်။
တာရွှန်းရွာသည် ကျော်ကြားသော သမိုင်းဝင်အရာများကြောင့် ရပ်ရွာလူထုအခြေခံသော ခရီးသွားလုပ်ငန်း ဒေသများအနက် တစ်ခုအဖြစ် ၂၀၁၈ခုနှစ်တွင်ရွေးချယ်ခံခဲ့ရပါသည်။ ၎င်းရွာသည် ချင်းလူမျိုးတို့၏ ခေါင်းဆောင်ဟောင်းဖြစ်သည့် ဗိုလ်ဂျွန်ဘီ နေထိုင်ခဲ့သော ရွာဖြစ်သည်။ ၎င်းရွာသည် ဒုတိယကမ္ဘာစစ်အတွင်း ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံအကြား ဆက်သွယ်ရေးအချက်အခြာဖြစ်ခဲ့ပြီး ရွာ၏ သမိုင်းဝင်အရာများကြောင့် ခရီးသွားများအား ဆွဲဆောင်နေပါသည်။ ခရီးသွားများသည် ရွာရှိအိမ်များ၏ ဗိသုကာလက်ရာများနှင့် တစွမ်းရွာဖြစ်ပေါ်လာပုံတို့ကို လေ့လာနိုင်ပါသည်။ ၎င်းရွာတွင် သမိုင်းဝင်နေရာများနှင့် ဗိုလ်ဂျွန်ဘိုပြတိုက်နှင့် သင်္ချိုင်းဂူများ၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ၊ ဗြိတိသျှစစ်တပ်စခန်းနှင့် ချင်းပြည်နယ်၏ ပထမဆုံး ဘောလုံးကွင်းများလည်း တည်ရှိ ပါသည်။
မြိုင်ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ ၎င်းတို့၏ ကျေးရွာများတွင် ရပ်ရွာဒေသအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပြီးနောက် မကွေးတိုင်းရှိ ကျေးရွာလေးရွာဖြစ်သော အရှေ့ကန်ကြီးတော၊ အနောက်ကန်ကြီးတော၊ အင်းယောင်း နှင့် ဆူလီပန်း တို့တွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ခရီးသွားဧည့်သည်များသည် ဤကျေးရွာများတွင် အဆင်ပြေစွာ၊ သက်တောင့်သက်သာဖြစ်စွာ နေထိုင်နိုင်သည့်အပြင် ကျေးရွာတစ်လျှောက် စက်ဘီးစီးခြင်း၊ နွားလှည်းစီးခြင်း၊ ကျေးရွာလူနေမှုစရိုက်များအားလေ့လာခြင်း၊ အနီးတစ်ဝိုက်ရှိ နှစ်ပေါင်း ၁၇၀ ခန့်ကြာမြင့်ပြီဖြစ်သော ဘုန်းကြီးကျောင်းသို့ သွားရောက်လေ့လာခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ ရပ်ရွာဒေသအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအားလည်း ဧည့်လမ်းညွှန်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ ယက်ကန်းလုပ်ငန်းများ အစရှိသည်ကို လုပ်ကိုင်နိုင်ရန် လိုအပ်သည့် ပညာအရည်အသွေးများကို လေ့ကျင့်သင်ကြားထားပြီး ဖြစ်ပါသည်။
မကျီးကန်ကျေးရွာရှိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းသည် ခရီးသွားဧည့်သည်များ အား ဒေသခံများ၏ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများကို ထင်ရှားစွာ ပြသနိုင်သော စင်မြင့်တစ်ခုပင်ဖြစ်ပါသည်။ ဧည့်သည်များသည် ဒေသခံများနှင့်အတူ ရွာအနီးတဝိုက်၌ တောင်တက်ခြင်း၊ ကျေးလက်ရိုးရာ ဟင်းလျာများ၊ အစားသောက်များ မြည်းစမ်းခြင်း၊ နွားလှည်းစီးခြင်း၊ မကျီးဖျော်ရည် ပြုလုပ်သောနေရာသို့ သွားရောက်လေ့လာခြင်း တို့ကို ပြုလုပ်ကာ ဒေသခံတို့၏ ရိုးရာဓလေ့များကို ပိုမိုလေ့လာသိရှိနိုင်ပါသည်။
ခရီးသွားဧည့်သည်များသည် ထန်းပင်ကုန်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းများ၏ ပဏာမခြေလှမ်းဖြစ်သော ရှုခင်းများနှင့် သဘာဝတောတောင်များ လှည့်ပတ်ကြည့်ရှုခြင်း၊ ကျေးရွာဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများ မျက်မြင်ကိုယ်တွေ့ လေ့လာခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ထို့အပြင် ထန်းပင်ကုန်းကျေးရွာတွင် နှစ်ပေါင်း တစ်ရာခန့် ရှိပြီဖြစ်သော ဘုန်းကြီးကျောင်းလည်း ရှိပါသည်။ ဤစိတ်ဝင်စားဖွယ် ကောင်းသော ဘုန်းကြီးကျောင်းသည် ခရီးသွားဧည့်သည်များအား ရပ်ရွာ လူထုအခြေပြုခရီးသွား လုပ်ငန်း၏ အစီအစဉ်များတွင် ပါဝင်ရန် ဆွဲဆောင်နေပါသည်။ ထို့အပြင် ဧည့်သည်များသည် ဒေသခံတို့၏ လမ်းညွှန်မှု အကူအညီဖြင့် ရက်ကန်းရက်ခြင်း၊ ငါးမျှားခြင်း၊ ရေကူးခြင်း၊ ဝါးဖောင်စီးခြင်း များလည်း ပြုလုပ်နိုင်ပါသေးသည်။
၂၀၁၆ ခုနှစ်၊အောက်တိုဘာလတွင် ဆီသည်ကျေးရွာနှင့် မြစ်ကမ်းကြီးကျေးရွာတို့အား ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နေရာများအဖြစ် ရွေးချယ်ခဲ့ပါသည်။ အစပိုင်းဆောင်ရွက် ချက်များတွင် ခရီးသွားဧည့်သည်များအား ဗိသုကာလက်ရာ၊ ဒေသခံများနှင့် ပူးပေါင်း၍ လက်မှုပညာ ဆိုင်ရာ ပစ္စည်းများ ၊ အိုးများ လုပ်ကိုင်ခြင်း၊ အစားအစာ ချက်ပြုတ်ခြင်းများ စသည့် ရိုးရာဓလေ့အစစ်အမှန်ဖြစ်သော နေထိုင်မှု ပုံစံများအား လေ့လာ၍ အတွေ့အကြုံ ရရှိစေရန် ခွင့်ပြုထားပါသည်။ ဒေသခံ ငါးဖမ်းသမားများ အနေဖြင့်လည်း မြန်မာ့ရိုးရာနည်း လမ်းအတိုင်း ပိုက်ကွန်များဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို ဧည့်သည်များအား လမ်းညွှန်ပြသပေး နိုင်သည်။ ခရီးသွား ဧည့်သည်များ အနေဖြင့်လည်း ဒေသခံများနှင့် အတူတကွ နေထိုင်၍ ၎င်းတို့ ကိုယ်တိုင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းတွင် ပါဝင်၍ အတွေ့အကြုံရယူနိုင်ပါသည်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နှစ်ခုအကြားရှိ ဧရာဝတီမြစ်နှင့် ထိစပ်နေသော ရွာ(၆)ရွာတို့အား ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နေရာများအဖြစ် ရွေးချယ်ခဲ့ပါသည်။ ဒေါင်၊ ရွာသစ် ၊ မြေစမ်း၊ စိန်ပန်းကုံး၊ အေးကျွန်းနှင့် ဆင်ကျွန်းရွာတို့သည် သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းအမျိုးမျိုးနှင့်အတူ တည်နေရာကောင်းမွန်ခြင်းတို့ ကြောင့် နိုင်ငံခြားသားဧည့်သည်များ အထူးစိတ်ဝင်စားကြပါသည်။ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက် နေသော ရွာ(၆)ရွာနှင့်အတူ ဧည့်သည်များသည် တစ်မူထူးခြားသော ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ များအား ပြသနေသော ကွဲပြားခြားနားသည့် မျိုးနွယ်စုများ အကြောင်းကိုလည်း မျက်မြင် ကိုယ်တွေ့သိရှိနိုင်ပါသည်။ ဧည့်သည်များအနေဖြင့်လည်း ငါးဖမ်းသမားများနှင့် ဧရာဝတီ လင်းပိုင်များ၏ အပြန်အလှန်အကျိုးပြုမှုနှင့် ရိုးရာငါးဖမ်း လုပ်ငန်းအကြောင်းကိုလည်း ပိုမိုလေ့လာနိုင်ပါသည်။
ဆင်တောင်ကျေးရွာတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ညှိနှိုင်း ဆွေးနွေးမှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ၎င်းကျေးရွာတွင် ဤအစီအစဉ်တွင် ခရီးသွားဧည့်သည်များ ပါဝင်နေထိုင်ရန် လုံလောက်သည့် သက်တောင့် သက်သာရှိသော အခန်းများနှင့်အတူ ကျေးလက်အိမ်တစ်လုံး တည်ဆောက်နေဆဲ ဖြစ်ကြောင်းလည်း သိရှိရပါ သည်။
ခရီးသွားလုပ်ငန်း(CBT)မှ ဇီဝဥယျာဉ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ခရီးသွားဧည့်သည်များအား လာရောက်လေ့လာလည်ပတ်နိုင်ရန် ခွင့်ပြုပေး ထားပါသည်။ လာရောက်လေ့လာသူများ အနေဖြင့် ဒေသခံများ၏ တစ်နေ့ဆောင်တာ လုပ်ငန်းများဖြစ်သည့် ခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခြင်း၊ ဘုန်းကြီး စာသင်ကျောင်းများသို့ သွားရောက်ကာ စာသင်သားများနှင့် တွေ့ဆုံခြင်းနှင့် ဇီဝဥယျာဉ်မှထွက်သော ကောက်ပဲသီးနှံများကို ထိုစာသင်ကျောင်းများ၌ ပြန်လည် လှူဒါန်းခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အခြားစိတ်ဝင်စားဖွယ်ရာများဖြစ်သော သဘာဝမြေသြဇာပြုလုပ်ခြင်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းများကိုလည်း လေ့လာနိုင်ပါသည်။ ညစာစားရာတွင် ခရီးသွားဧည့်သည်များ အနေဖြင့် ရွာဓလေ့ထုံးတမ်းစဉ်လာ ဖျော်ဖြေမှုများကို လည်း ကြည့်ရှုခံစားနိုင်ပါသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ရှေ့ ပြေးစီမံကိန်းဖြစ်သော ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း(CBT)တွင် လူအရေအတွက် (၂၀) တည်းခိုနိုင်ရန် တည်းခိုဆောင် (၃) လုံး ဆောက်လုပ်ထားပါသည်။ အနီးအနားတွင် ပင်လယ်ကမ်းခြေရှိသောကြောင့် လွမ်းမောဖွယ် ကမ်းခြေအလှများကြည့်ရှုခြင်း၊ ရေငုပ်ခြင်းနှင့် ရိုးရာငါးဖမ်းနည်းများကို လေ့လာမှတ်တမ်း တင်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။
စမ်လမ်ရွာရှိ ပဏာမ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စီမံကိန်းအောင်မြင်လျှင် မြိတ်ကျွန်းစုရှိ ဒုန်ညောင်မှိုင်းရွာတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်း ပြုလုပ်ရန် စတင်လက်ခံနိုင်ပါလိမ့်မည်။ နေရာထိုင်ခင်းအတွက်နေရာများကို သုတေသနများကိုအနာဂတ်တွင်ခရီးသွားဧည့်သည်များနေရာထိုင်ခင်းအဆင်ပြေစေရန်စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။
ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စီမံကိန်းကို မကြုံကလပ်ရွာ ကော့သောင်းတွင် အကောင်အထည်ဖော်ရန်အဆိုပြုခဲ့သော်လည်း မြေနေရာပိုင်ဆိုင်မှုအကြောင်းအချက်များကြောင့် အကောင်ထည်ဖော်သူများအနေဖြင့် အနည်းငယ်စောင့်ဆိုင်းရန် လိုအပ်နေပါ သေးသည်။
၂၀၁၆ခုနှစ်တွင်ကရင်ပြည်နယ်ရှိ သံတောင်ကြီးဒေသကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဒေသအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ ရွာသူရွာသားများသည် ခရီးသွားဧည့်သည်များကို နေထိုင်စားသောက်ခြင်းနှင့်ရပ်ရွာဧည့်လမ်းညွှန်ခြင်းတို့ကိုဝန်ဆောင်မှုပေးကြသည်။မြန်မာနိင်ငံသို့လာရောက်သည့်ခရီးသွားဧည့်သည်များအားကူညီထောက်ပံ့ရန်လိုအပ်သည့်အရည်အချင်းများကိုရပ်ရွာနေပြည်သူများ လေ့ကျင့်သင်ကြားထားပြီး ဖြစ်သည့်အတွက် ခရီးသွားများ အနေဖြင့် ယခုရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဒေသတွင် အကောင်းဆုံးသော အတွေ့အကြုံ များ ကိုရှိနိုင်ပါသည်။ ထိုဒေသတွင် ဗြိတိသျှတောင်ကုန်းဘူတာရုံ၊ လက်ဖက်စက်ရုံနှင့် စိုက်ပျိူးခြင်း၊ ရေတံခွန်များနှင့်ရေပူစမ်းများ စသည်ဖြင့်များစွာသော အထင်ကရနေရာ လည်းများစွာရှိပါသည်။ သစ်တောများကိုစူးစမ်းသွားလာလိုသူများသည် နယ်ခံများကို ဧည့်လမ်းညွှန်အဖြစ်ခေါ်ဆောင်ကာ လည်ပတ်နိုင်ပါသည်။ ရပ်ရွာရှိပွဲတော်များတွင်လည်းခရီးသွားများသည် နယ်ခံများနှင့်အတူပါဝင်ဆင်နွှဲနိုင်ပါသည်။