Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Stimulus Package ဆိုင်ရာသိကောင်းစရာများ

 
မေး။ ချေးငွေထုတ်ပေးမယ့်ဉီးစားပေးအစီအစဉ် အသေးစိတ်ကိုလည်း သိရှိလိုပါတယ်။
 
ဖြေ။ ချေးငွေထုတ်ချေးတာက ကော်မတီရဲ့ လုပ်ငန်းတစ်ခု ၊ ကဏ္ဍတစ်ခုအနေနဲ့ ပါတာဖြစ်ပါ တယ်။ ကျွန်တော်တို့ ခေါ်တာကတော့ stimulus package လို့ ခေါ်တာပေါ့ ။စီးပွားရေးကို ပြန်လည် လှုံ့ဆော်ဖို့ အစီအစဉ်တွေ ဆွဲတာဖြစ်ပါတယ်။ ဒီလိုအစီအစဉ်တွေ ဆွဲတဲ့အခါ အခွန်ပိုင်း ဆိုင်ရာဖြေလျှော့မှုတွေ လုပ်ပေးတယ်။ တစ်ဖက်ကလည်း အားလုံးသိတဲ့အတိုင်း အတိုးနှုန်းတွေ ဖြေလျှော့ပေးတယ်။ ဘဏ်တွေ လုပ်ကိုင်လို့အဆင်ပြေအောင် ဗဟိုဘဏ်က ဆောင်ရွက်ပေးတယ်။ လုပ်ငန်းရှင်တွေလည်းလုပ်လို့ကိုင်လို့အဆင်ပြေအောင်ပါ။ အတိုးနှုန်း ဆိုရင်လည်း ချပေးတာ သုံးခါ ရှိပါပြီ။ ပထမ မတ် ၁၂ ရက်နေ့မှာ သုညဒသမ ၅ ရာခိုင်နှုန်း ချပေးတယ်။ ပြီးတော့ တစ်ရာခိုင်နှုန်း ထပ်ချတယ်။ ထပ်ပြီးတော့ ၁ဒသမ၅ ရာခိုင်နှုန်း ထပ်ချပေးခဲ့ပါတယ်။
 
အတိုးနှုန်းတွေ ကျသွားခြင်းအားဖြင့် လုပ်ငန်းတွေ ပြန်လည် ပေးဆပ်ရမယ့်အပိုင်းမှာ သက်သောင့်သက်သာ ဖြစ်မှုတစ်ခုပါ။ ဒါတွေက ငွေကြေးပိုင်းဆိုင်ရာ မူဝါဒအရ ဗဟိုဘဏ်က ဆောင် ရွက်ပေးတာပါ။ နောက်တစ်ခုက လုပ်ငန်းတွေမှာ ငွေအခက်အခဲ ပေါ်သွားတာလည်း ရှိကြပါတယ်။ အလုပ်သမားတွေ လစာပေးဖို့ မရှိတဲ့ကိစ္စမျိုးတွေ ဖြစ်တယ်။ လုပ်ငန်းဆက်လည်ပတ်ဖို့တောင် မရှိတော့တဲ့လုပ်ငန်း တစ်ချို့လည်းရှိတယ်။ ဒါမျိုးတွေအတွက်အတိုးနှုန်း သက်သာတဲ့ ချေးငွေထုတ် ပေးဖို့ဆိုပြီး အစိုးရက စီစဉ်ပေးတာရှိပါတယ်။ လုပ်ပေးလို့ ရတဲ့ ကိစ္စတိုင်းကို အဆင်ပြေသွားအောင် လုပ်ပေးနေပါတယ်။ အတိုးနှုန်း ချတာ၊ အခွန်လျော့ပေးတာအပြင် ငွေကြေးအခက်အခဲပေါ်မူတည်ပြီး တော့ အလုပ်သမားတွေ လစားပေးဖို့ ခက်နေတဲ့ လုပ်ငန်းတွေ၊ ဆက်လည်ပတ်ဖို့ ခက်နေတဲ့ လုပ်ငန်းတွေအတွက်ကို နိုင်သလောက် အစိုးရက ဝင်ကူပေးတာပါ။
 
ဉီ:စားပေးချေးငွေထုတ်ချေးဖို့စီစဉ်
 
ဝင်ကူပေးတဲ့အခါ ချေးငွေအတိုးနှုန်းက တော်တော်နည်းပါတယ်။ အတိုးနှုန်းက တစ်နှစ်ကိုမှ တစ်ရာကိုတစ်ကျပ်၊ တစ်ရာခိုင်နှုန်းသာ ယူတာပါ။ ဒါကလည်းဘဏ်စရိတ်ကျေရုံသာ အစိုးရက ယူတာပါ။ အပေါင် ပစ္စည်းလည်းမယူပါဘူး။ ဒီလို ထုတ်ချေးတဲ့အခါ ဘယ်လိုတွေ ဆောင်ရွက် ရသလဲ ဆိုတော့ ကော်မတီအနေနဲ့ ဘယ်ကဏ္ဍကို ဉီးစားပေးထုတ်ချေး ရမလဲ စဉ်းစားရပါတယ်။ မတ်လ အလယ်လောက်ကနေစပြီး အခက်အခဲ တွေ ပေါ်တာက အထည်ချုပ်လုပ်ငန်းတွေ၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ် လုပ်ငန်းစသဖြင့် လုပ်ငန်းတွေမှာ အလုပ်သမားတွေအတွက် လစားပေးဖို့ အခက်အခဲတွေ ဖြစ်တယ်၊ ကုန်ကြမ်းအခက်အခဲဖြစ်တယ်၊ လုပ်ငန်း လည်ပတ်ဖို့အခက်အခဲတွေ ဖြစ်လာတယ်။ ပြည်ပ ပို့ဖို့ အခက်အခဲတွေ ဖြစ်လာတယ်။ ဒီလိုစက်ရုံတွေမှာ အလုပ်သမားအင်အားကလည်း ၆၀၀၊ ၁၀၀၀ စသဖြင့် လုပ်သားအင်အား များပါတယ်။ ဒါကြောင့် အထည်ချုပ် လုပ်ငန်း၊ CMP လုပ်ငန်းတွေ ကိုဉီးစားပေးမယ်။ တစ်ဆက်တည်းမှာပဲ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကလည်း ပိတ်ရတာတွေရှိ လာတယ်။ တချို့ဟိုတယ်တွေမှာဆို ဝန်ထမ်းအင်အားလျှော့ရတာ ရှိလာတယ်။ ဟိုတယ် လုပ်ငန်း တွေ၊ ခရီးသွားလုပ်ငန်းတွေလည်း ထိခိုက်လာပါတယ်။ ဒီလုပ်ငန်းတွေနဲ့ဆက်စပ်လုပ်ငန်း တွေလည်း ထိခိုက်လာတယ်။ ဒီလိုထိခိုက်မှုများတဲ့အတွက် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို ဒုတိယ ဉီးစားပေး သတ်မှတ်ခဲ့တယ်။ တတိယက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဉီးစားပေး ချေးငွေထုတ်ချေးဖို့ စီစဉ်ခဲ့ပါတယ်။
 
ဒီလိုသတ်မှတ်ပြီးတော့ ချေးငွေရယူမယ့်သူတွေ အကျုံးဝင်ရမယ့် အချက် ၁၀ ချက်ကို ထုတ်ပြန်ခဲ့တယ်။ ဒီဉီးစားပေးကဏ္ဍ သုံးခုထဲမှာပါပြီး တော့ အချက် ၁၀ ချက်နဲ့ အကျုံးဝင်တဲ့သူတွေ ကို ချေးငွေထုတ်ပေး ပါတယ်။ ဒီလိုထုတ်ပေးတဲ့အပိုင်းမှာ မတ်လ ၂၉ ရက်ကစပြီး ကြေညာ ချက် ထုတ်ကာ မတ် ၃၀ ရက်ကစပြီး လျှောက်လွှာတွေ စလက်ခံပါတယ်။ ဒီလို စလက်ခံပြီးတော့ ဧပြီ ၉ ရက်အထိ ရုံးပိတ်ရက်မထားဘဲ ၁၁ ရက် တိတိ လက်ခံခဲ့တယ်။ ရန်ကုန်မှာလည်း လက်ခံသလို တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့တော်တွေမှာလည်း လက်ခံခဲ့တာဖြစ်ပါတယ်။
 
မေး။ ။ချေးငွေဘီလီယံ ၁၀၀ ထုတ်ချေးပေးမှုအတွက် လျှောက်လွှာဘယ်လောက် လက်ခံရရှိပြီ ဆိုတာလည်း သိပါရစေ။
 
ဖြေ။ ။ လျှောက်လွှာက အွန်လိုင်းကပါ အပါအဝင် ၄၀၀၀ နီးနီးလောက် လက်ခံရရှိထားပါတယ်။ ထုတ်ချေးပေးတာကတော့ မများသေးပါဘူး။ ပထမအသုတ်မှာ ၈၅ စောင်၊ ဒုတိယအသုတ်မှာ ၁၁၃ စောင် ဆိုတော့ ၂၀၀ ပတ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒီအပတ်ထဲမှာလည်း ဆက်ပြီးထုတ်ပေးဖို့ ရှိပါတယ်။ ချေးထားတဲ့ငွေ ကလည်း အသုတ်နှစ်ခုအတွက် ၁၀ ဘီလီယံ လောက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ ဘီလီယံ ၉၀ လောက်ထုတ်ချေးဖို့ ကျန်ပါသေးတယ်။ ဒါကို ဆက်ပြီး ထုတ်ပေးသွားပါ မယ်။
 
မေး။ ။လျှောက်လွှာတွေကို ဘယ်လိုစိစစ်သလဲဆိုတာ သိပါရစေ။
 
ဖြေ။ ။လျှောက်လွှာတွေကို ဘယ်လိုစိစစ်သလဲဆိုတော့ ပထမ လျှောက်လွှာဟာ သတ်မှတ်တဲ့ စာရွက်စာတမ်း ပြည့်စုံရဲ့လားဆိုတာ အရင်ဆုံးစိစစ်ပါတယ်။ ပြည့်စုံတယ်ဆိုရင် ဒုတိယအနေနဲ့ ဉီးစားပေး ကဏ္ဍ သုံးခုထဲမှာပါသလား၊ ပါရင်တော့ လက်ခံတယ်။ မပါရင်တော့ ပယ်ပါတယ်။ တတိယက သတ်မှတ်ချက် ၁၀ ချက်နဲ့ ကိုက်သလား ဆက်ပြီးစိစစ်ပါတယ်။ အားလုံးကိုက်ညီရင် တော့ လျှောက်လွှာ လက်ခံပါတယ်။ ဒါက အပိုင်းတစ်ခုပါ။
 
ပြီးရင် ပဏာမ စိစစ်တဲ့အပိုင်းကို UMFCCI ကဉီးဆောင်ပြီး လုပ်ပါတယ်။ အဲဒီမှာ သက်ဆိုင်ရာ လုပ်ငန်းတိုင်းရဲ့ အသင်းတွေ ရှိပါတယ်။ ဉပမာ ဟိုတယ်နဲ့ ပတ်သက်တာဆိုရင် ဟိုတယ် လုပ်ငန်းရှင် များအသင်းရှိတယ်။ ခရီးသွားဆိုရင်လည်း ခရီးသွား လုပ်ငန်းရှင်များ အသင်း ရှိတယ်။ အထည်ချုပ်ဆိုရင်လည်းသူ့ဆိုင်ရာအသင်းရှိတယ်။ UMFCCI ရဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့ တွေက တာဝန်ယူတယ်။ ပြီးတော့ ဌာနဆိုင်ရာတွေလည်း တွဲဖက်ပါဝင်ပါတယ်။ ပုဂ္ဂလိကကရော၊ အစိုးရအပိုင်းကရော အားလုံးပါဝင်တဲ့အဖွဲ့ကနေ စုပေါင်းပြီး စိစစ်ပါတယ်။ လျှောက်လွှာတွေ ပဏာမစီစစ်တဲ့အခါ လျှောက်လွှာနဲ့ တွဲပါလာတဲ့ ဘဏ္ဍာရေးရှင်းတမ်းတို့၊ အလုပ်အကိုင်ခန့်ထားမှု အခြေအနေတို့၊ ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် စသဖြင့် သူတို့တင်ပြလာတဲ့ စာရွက်စာတမ်း အပေါ် အခြေခံပြီးတော့ ပဏာမစစ်လိုက်ပါတယ်၊ စစ်ပြီးတဲ့အခါ သူတို့ကို ဘယ်လောက်ခွင့်ပြုသင့်တယ် ဆိုတာကို ပဏာမစစ်တဲ့အဖွဲ့က လျာထားပါတယ်။ သူတို့တင်ပြသလောက်တော့ ရချင်မှရမှာပါ။ တချို့လည်း အများကြီးတင်ကြတယ်။ ဒီလိုတင်လာတဲ့အပေါ် အလုပ်သမား ဘယ်လောက် ခန့်ထား သလဲ။ ဘဏ္ဍာရေးအခြေအနေဘယ်လိုရှိသလဲ ။ လုပ်ငန်းလည်ပတ်မှုကဘယ်လိုလဲ။ ချေးငွေဖြစ်တဲ့ အတွက်ကြောင့်ပါ။ တစ်နှစ်ပြည့်ရင်နိုင်ငံတော်ကို ပြန်လည်ဆပ်ရမှာပါ။ နိုင်ငံတော်ကဆုံးရှုံးသွားလို့ မရပါဘူး။
အတိုးနှုန်းနည်း
နိုင်ငံတော်က ထုတ်ချေးပေးတဲ့အခါ အတိုးနှုန်းနည်းတဲ့အပြင် အပေါင်လည်းယူမထားပါဘူး။ ယူမထားတဲ့အတွက် စိစစ်တဲ့အပိုင်းမှာ တင်သလောက်တော့ မပေးနိုင်ဘူး။ ပေးသင့်တဲ့ပမာဏကို စိစစ်ပါတယ်။ ဒီလိုပဏာမ စိစစ်တဲ့အဖွဲ့ကနေ ထောက်ခံတင်ပြလာတဲ့ ပမာဏကို မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းက ကိုယ်စားလှယ်တွေပါတဲ့အဖွဲ့ကနေ ထပ်ပြီးစိစစ် ပါတယ်။ ဒီလိုပဏာမစိစစ်တဲ့အဖွဲ့ကနေ စိစစ်ထားတဲ့ပမာဏက သင့်၏။ မသင့်၏ကို ထပ်ပြီး သုံးသပ်စိစစ်ပါတယ်။ ထပ်လျော့တာမျိုးရှိသလို ထောက်ခံပေးတာလည်း ရှိပါတယ်။ နောက်ဆုံးမှာ မြန်မာနိုင်ငံလက်မှတ်ရ ပြည့်သူစာရင်းကိုင်များအသင်းက ဉီးဆောင်တဲ့ အသေးစိတ်စိစစ်ရေးအဖွဲ့က ထောက်ခံတဲ့ပမာဏအတိုင်း ကျွန်တော်တို့ကော်မတီကနေ ထုတ်ချေးပေးပါတယ်။ ဒါတွေကတော့ စိစစ်တဲ့အပိုင်းပါ။စိစစ်မှုကအပိုင်းသုံးပိုင်းလောက်ရှိပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ပထမအချက်က ကိုဗစ်-၁၉ ချေးငွေနဲ့ပတ်သက်ပြီး တချို့လည်းမရသေးတဲ့အတွက် ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာတွေရှိပါတယ်။ မရသေးဘူးလားပေါ့။ လျှောက်လွှာပေါင်း ၄၀၀၀ နီးပါးမှာ ပေးတာက ၂၀၀ လောက်ပဲရှိပါသေးတယ်။ အသုတ်လိုက်ပေးနေတာပါ။ ဆက်ပြီးပေးသွားမှာ ဖြစ်ပါ တယ်။ ဘီလီယံ ၉၀ ထုတ်ချေးဖို့ ကျန်ပါသေးတယ်။ မြန်မြန်ပေးနိုင်အောင်လည်း စိစစ်မှုတွေ အတွက် အင်အားတိုးချဲ့ပြီး လုပ်ပေးနေပါတယ်။ ဒါက တစ်ချက်ပါ။
ထိခိုက်တဲ့သူတွေအတွက်
လူမှုမီဒီယာတွေမှာ ချေးငွေက ချေးသလောက်မရဘူးဆိုပြီး ပြောကြတာမျိုးရှိပါတယ်။ တကယ်က စိစစ်တဲ့အဖွဲ့က ချေးငွေတင်ပြလာတဲ့သူရဲ့ တင်ပြလာတဲ့ စာရွက်စာတမ်းအပေါ်မှာ အခြေခံပြီး စိစစ်ထုတ်ချေးပေးတာပါ။ တချို့ကလည်း မြေပြင်ကွင်းမဆင်းပဲ ထုတ်ချေးတယ်လို့ ပြောတာလည်းရှိပါတယ်။ မြေပြင်ကိုတော့ ကွင်းဆင်းဖို့ အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဏ်ချေးငွေပုံစံမျိုးမဟုတ်ပါဘူး။ ဘဏ်ချေးငွေကတော့ လုပ်ငန်း ကွင်းဆင်းကြည့်ပြီး ခိုင်မာမှ ထုတ်ချေးတာပါ။ ကျွန်တော်တို့ချေးငွေက တစ်နည်းပြောရရင် နိုင်ငံတော်ရဲ့စေတနာပါ။ ကိုယ့်ပြည်သူ့တွေ ရဲ့ထိခိုက်မှုရှိတဲ့လုပ်ငန်းတွေကို မြန်မြန်ကူညီတာပါ။ အတိုးနှုန်း တစ်ရာခိုင် နှုန်းကလည်း ခုနကပြောခဲ့သလို ဘဏ်စရိတ်ကျေရုံ ယူထားတာပါ။ အပေါင်ပစ္စည်းလည်း မယူထားဘူး။ ရည်ရွယ်ချက်က ထိခိုက်တဲ့သူတွေအတွက်ပါ။
စိစစ်မှုလုပ်တဲ့အခါမှာ ဘာကိုအခြေခံရသလဲဆိုတော့ လျှောက်ထားသူတွေ တင်ပြလာတဲ့ Financial Report ၊ ဘဏ်ချေးငွေ ချေးထားသလားဆိုတာမျိုးကို စိစစ်ရတယ်။ တချို့က ထိခိုက် တာမှန်ပေမယ့် ဘဏ်မှာကလည်းအများကြီးချေးထားတယ်။ အခွန်ကလည်းသေချာမပေးဆောင် ထားဘူး။ လုပ်ငန်းလည်ပတ်မှု၊ ဝန်ထမ်းခန့်ထားမှု ဒါတွေကို ခြုံငုံစဉ်းစားတဲ့အခါ ချေးငွေချေးချင် သလောက် မဖြစ်နိုင်ဘူး။ လုပ်ငန်းလည်ပတ်နိုင်အောင်နဲ့ လုပ်သားလစာပေးနိုင်အောင် အဓိက စဉ်းစားပေးတယ်။ တကယ်လို့အားလုံးကိုက်ညီရင်တော့ တင်ပြသလောက်ရတာတွေ ရှိပါတယ်။ ကိုယ့်အခြေအနေအရ ရကြတာဖြစ်တယ်။ အခွန်ဆောင်တဲ့ ပမာဏကို ကြည့်လိုက်ရင် လုပ်ငန်းရဲ့အခြေအနေကို သုံးသပ်နိုင်တဲ့အတွက် ဒီအချက်ကိုလည်း စဉ်းစားချက်တစ်ခုအနေနဲ့ စဉ်းစားပါတယ်။
နောက်တစ်ခုက Covid-19 Economic Relief Plan-CERP ထုတ်လာတော့ ဒီအပေါ်မှာ ဝန်ကြီးဌာနတွေအားလုံးက အခြေခံပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
(မှတ်ချက်။ ၆-၅-၂၀၂၀ ရက်နေ့ ကြေးမုံသတင်းစာပါ “ကိုဗစ်-၁၉ ကြောင့် နိုင်ငံ့စီးပွား၊ ပြည်သူ့ တို့ရဲ့ လူမှုစီးပွားထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ဘာတွေ ဆောင်ရွက်နေသလဲ” တွေ့ဆုံမေးမြန်းမှုများ မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)