+95-67- 406458 [email protected]
Select Page

Directory : Search Results

No result found:

တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ ကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ (၂၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံး)နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၂.၉.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်) မှ တာဝန်ရှိသူများ(၃၀) ဦးနှင့် သင်တန်းသား/သူ (၁၀၀) ဦး စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ် (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် သင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခရီးသွားကဏ္ဍနှင့် ဆက်စပ်နေသော ခရီးစဉ်ဒေသများအား ကြီးမှူးကွပ်ကဲသည့် Controller သင်တန်း ကွန်ဟိန်းမြို့တွင် ဖွင့်လှစ်


နေပြည်တော်၊ စက်တင်ဘာလ (၂၅) ရက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး ရုံး) မှ စီစဉ်မှုဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး အသိပညာပေး Controller သင်တန်း ဖွင့်ပွဲကို (၂၄.၉.၂၀၁၈) ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် ကွန်ဟိန်းမြို့၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ပါသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင် စော၊ ကွန်ဟိန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ၊ MRTI မှ ဆရာဦးညွန့်ဝင်းနိုင် အပါအဝင် တာဝန်ရှိသူ (၁၉) ဦးနှင့် ခရီးစဉ်ဒေသရှိ ကျေးရွာများမှ သင်တန်း သား (၄၄) ဦး စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ပါသည်။ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းခင်စောမှ လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူးမှ လည်းကောင်း အသီးသီး အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းကို (၂၄.၉.၂၀၁၈) ရက်နေ့မှ (၂၅.၉.၂၀၁၈) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သူ (၄၄) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် အခမ်းအနားအား နံနက် (၁၀:၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့် ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး


ခင်မောင်(ဟိုတယ်/ခရီး)
ဤလူ့လောကဝယ် လူသားအချင်းချင်းအပေါ် သုံးသပ်မှတ်ချက်ပြုရာတွင် လူသားတို့ အကျိုး၊ ပတ်ဝန်းကျင်၏အကျိုး၊ အဖွဲ့အစည်း တစ်ရပ်ရပ်၏အကျိုးကို သယ်ပိုးဆောင်ရွက်ပြုသူ၊ ဦးဆောင်ဦးရွက် ပြုသူ၊ ကူညီစောင့်ရှောက်တတ်သူကို သူကောင်းပြုသူ၊ တန်းဖိုးထိုက်သူ၊ တန်ဖိုးထားရာ ရတနာတစ်ပါး ကဲ့သို့ အသိအမှတ်ပြု လေးစားချစ်ကြည်မှုပြုကာ ခင်မင်ရင်းစွဲ တန်ဖိုးထား၊အလေးထား ဆက်ဆံမှုပြုကြပြီး ထိုနှင့်ဆန့်ကျင်ဘက်ပြုမှု နေထိုင်ပြောဆို ဆက်ဆံတတ်သူကား အသုံးမတည့် လူရာမသွင်း ချစ်ခင်ကင်းမဲ့ ကာ အဖျက်အမှောင့်၊ တန်ဖိုးမရှိသူ၊ အမှိုက်ရယ်ဟု စာရင်းသွင်း ခွဲခြားဆက်ဆံမှုများ ရှိနေလျှက်ရှိပါသည်။ အမှိုက်ဟူသည်ကား အသုံး မတည့်၊ သုံးမရ၊ ကောင်းကျိုးမပြု၊ အနှောင့်အယှက်တစ်ခု ၊ မလိုအပ်သည့် အပိုပစ္စည်းတစ်ခုကဲ့သို့ပင် သတ်မှတ်ကာ စွန့်ပစ်ထားလေ့ရှိလေသည်။ အမှိုက်ဟုဆိုရာဝယ် သက်မဲ့ဝတ္ထု များရှိသကဲ့သို့ သက်ရှိအရာသတ္တဝါသည်ပင်လျှင် ထိုထိုဂုဏ်ဒြပ်နှင့် ကိုက်ညီပါက အမှိုက်ဖြစ်ရချေတော့ သည်။ လူသားတို့ကြား အသုံးထားသည့် အမှိုက်ကစ ပြဿဒ်မီးလောင်၊ အမှိုက်ကင်းစင် လူ့ပတ်ဝန်းကျင်၊ အစရှိသဖြင့် ထည့်သွင်းသုံးနှုန်း ပြောဆိုမှုများလည်းရှိပေသည်။
ချစ်ခင်တွယ်တာ၊ စုံမက်ခါဖြင့် ယုယပိုက်ထွေး အလေးပေးသည့် သက်မဲ့သက်ရှိ ထိုဤအနှစ် သည် စွန့်ပစ်ရန်ခက်ထွေးပွေ့လျှက်ဖြင့် တန်ဖိုးထားကာထိန်းသိမ်းကြသည် ဤကားတန်ဖိုးလူသားအကျိုး တည်း။ အမှတ်မဲ့မှားတွယ်တာမထားဘဲ ဝန်လေးကာသာ စွန့်ပစ်ခွာသည် ဤကားအမှိုက်များသာတည်း။
လူမှုဝန်းကျင်ဒေသတစ်ခုအား ပျက်စီးယိုယွင်းစေသည့်အကြောင်းအရာများထဲတွင် ဒေသနှင့် မမျှတသည့် လူနေထူထပ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများပြားခြင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များ တိုးတက်ဖွံ့ဖြိုးလာခြင်း၊ သွားလာလည်ပတ်သူများပြားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းခြင်း စသည့် အကြောင်းအချက်အချို့ကြောင့်လည်း အဆိုပါဒေသနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး မှုများ ဖြစ်စေနိုင်ပါသည်။
ခရီးသွားခြင်းဆိုရာဝယ်
လူသားတို့အနေဖြင့် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အပြင်ဘက်ကို ဆက်တိုက်ကာလ(၁)နှစ် ထက်မကျော်လွန်ဘဲလုပ်ငန်းလုပ်ကိုင်ရန်၊ အပန်းဖြေရန်၊ သို့မဟုတ် အခြားရည်ရွယ်ချက်များစွာဖြင့် ခရီး သွားလာခြင်းဟု အဓိပ္ပါယ်ဆောင်ကြောင်းနှင့် ခရီးသွားလာရေးလုပ်ငန်းဆိုသည်မှာလည်း လူသားတို့ဒေသ တစ်ခုမှတစ်ခုသို့ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် ဝန်ဆောင်မှု၊ စီစဉ်ဆောင်ရွက်ပေးရသော လုပ်ငန်းကိုဆိုလိုပြီး ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မိမိတို့နေထိုင်ရာဒေသမှ ပြင်ပရှိ ခရီးစဉ်ဒေသတစ်ခုခုသို့ သွားလာသူကို ခရီးသည်ဟု သတ်မှတ်ခေါ်ဝေါ်ထားကြောင်း မှတ်သားရပါသည်။
ခရီးသွားသည်ဆိုမှဖြင့် ထိုက်သင့်သည့် ငွေကြေးကုန်ကျခံသုံးစွဲသွားလာရမှုများရှိသည်ဖြစ်ရာ ထိုငွေကြေးများသည် လုပ်ငန်းကဏ္ဍအသီးသီးရှိ လူတန်းစားအလွှာမျိုးစုံကို အကျိုးသက်ရောက်မှုရှိစေနိုင် သည့် (Multiplier Effect) ကိုဖြစ်စေသဖြင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင် အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ ထိုခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုသည် နယ်ပယ်ကဏ္ဍစုံပါဝင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ အခြေခံလုပ် ငန်းလုပ်ကိုင်သူများမှ ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းရှင်များအထိ ဝင်ငွေအကျိုးခံစားခွင့်ကို ရရှိစေ ပါသည်။
ဝင်ငွေတိုးတက်လာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်းကြောင့် ဆင်းရဲမွဲ တေမှုလျော့ချနိုင်ရေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက် သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့် ကဏ္ဍများတွင်လည်း သွယ်ဝိုက်ကာ အကျိုး ကျေးဇူးများခံစားရရှိစေနိုင်ပါသည်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်းမပြုဘဲ ခရီးသွားလုပ်ငန်းမှတဆင့် တိုက်ရိုက်နှင့်သွယ်ဝိုက် ရရှိသည့်ဝင်ငွေများသည် လည်း နိုင်ငံတော်၏ စီးပွားရေးအားများစွာအကျိုးသက်ရောက်စေပါသည်။ သို့အတွက်လည်း ခရီးသွား လုပ်ငန်းအား မီးခိုးမထွက်သောစက်ရုံ ( Smokeless Industry ) ဟု တင်စားသုံးနှုန်းခေါ်ဝေါ်ကြပါသည်။
ကျွန်တော်တို့နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအား ဒေသနေပြည်သူလူထု ခံစားခွင့်ရရှိစေရန်အလို့ငှါ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ပုဂ္ဂလိကလုပ်ငန်းရှင် များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ၎င်း၏ခရီးသွားလုပ်ငန်းဆိုင်ရာ ညီနောင် အသင်း(၁၁)သင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ဟိုတယ်ဇုံများအပြင် ပြည်ပရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များဖြစ်သော (UNWTO, PATA, JATA, ASEAN) စသည်တို့တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် စွမ်းအားထုတ်ကြိုးပမ်းကာ ဆောင်ရွက်လျှက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတွင်းရှိနေသည့် အရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်အလှ အပများ၊ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ညီနောင်သားချင်းတို့၏ မတူကွဲပြားကာ စိတ်ဝင်စားဘွယ်ကောင်းသော ရိုးရာဓလေ့များ၊ ဒေသတွင်း ရှားပါးစွာတည်ရှိနေသည့် ခါကာဘိုရာဇီ တောင်၊ ဧရာဝတီလင်းပိုင် ကဲ့သို့သောသဘာဝ အမွေအနှစ်များအပါအဝင် ရေမြေတောတောင် အလှအပ နှင့် ရှားပါးကုန်းနေရေနေ သတ္တဝါများ ၊ အသက်သွေးကြောသဖွယ် တောင်မှ မြောက်သို့ သွယ်တန်းနေ သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းကဲ့သို့သော မြစ်ချောင်းအင်းအိုင် အသွယ်သွယ်၏ လှပသောသဘာဝရသပေးစွမ်းနေမှုများ အစရှိသဖြင့် ပြောမကုန် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိသက်မဲ့ သဘာဝအလှတရားများ ပိုင်ဆိုင်ထားသည့် အမိတိုင်းပြည်၏ ရတနာများကို ပြည်တွင်းပြည်ပ ခရီးသွားများ သိရှိစိတ်ဝင်စားကာ လာရောက်ထိတွေ့ ခံစားနိုင်စေရန် မြှင့်တင်ကြော်ငြာမှုများဆောင်ရွက်ရသည်မှာ လွယ်လွယ်ကူကူနှင့်လုပ်ဆောင်၍ ရနိုင်ကောင်းသည်ဟု ယူဆ၍ရနိုင်သော်လည်း အမှန်တာဝန်ယူ ဆောင်ရွက်ရသူ တာဝန်ရှိသူများအဖို့မှာကား မမျှော်လင့်သော၊ ကြိုတင်တွက်ဆမထားမိသော၊ အတား အဆီးအခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်နေရသည်ကိုကား စေတနာဖြင့်ပေးဆပ်ကာ ထိုးဖောက် မြှင့်တင်မှု ဆောင်ရွက်နေသူတို့ အသိုင်းအဝိုင်းလေးကသာ သိရှိနိုင်ပါလိမ့်မည်။
ဝန်ဆောင်မှုဆိုသော မမြင်ရသည့် ဒြပ်ဝတ္ထုတစ်ခုအား တန်ဖိုးကြီးပေးကာ မြိန်ယှက်စွာ ဝယ်ယူ သုံးဆောင်နိုင်စေရန် ရောင်းချပေးနေရသည့် အရောင်းဝန်ထမ်းများအဖို့မှာကား ထူးချွန်ဆု ရယူနိုင်ရန် ခက်ခဲသော်လည်း ငြိုငြင်မှုဖြင့် တုန့်ပြန်ခံရဘို့က လွယ်ကူလျှက်ရှိနေဆဲပင်ဖြစ်ပါသည်။ စေတနာတစ်လှေ ကြီးဖြင့် မည်သို့ပင် ဂရုစိုက်ဆောင်ရွက် နေစေကာမူ ပြန်ရနေသည့် တုံ့ပြန်မှုမှာကား ယနေ့ထိ ကျေနပ် လောက်သည့်အနေအထား မရောက်နိုင်သေးဖြစ်နေရသည်။ အကောင်းဆုံးဆိုသည်များကိုသာ ပေးလိုပါ သော်လည်း မိမိတစ်ဦးတစ်ယောက်ထဲက မျှဝေပေးလို့မရသည့် အခြေအနေများကလည်း တစ်ပုံတစ်ပင် ဖြစ်ပါသည်။
သို့ရာတွင် တာဝန်ဆိုသော အသိ၊ အကောင်းဆုံးဖြစ်ရမည်ဆိုသော သတိတရားတို့ဖြင့် မိမိ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆက်နွယ်နေသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ယဉ်ကျေး ပျူငှာလေးစားစွာ ပေါင်းစပ်ကြိုးစားဆောင်ရွက်နေသည်ကား အမှန်တရားတစ်ခုပင်ဖြစ်ပါသည်။ အားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင်ဖို့ဆိုရာဝယ် ဦးဆောင်ဦးရွက်ပြုသူ၏ မေတ္တာတရားဖြင့် နူးညံ့သိမ်မွေ့မှုသည် လည်း အရေးပါပေသည်။ မေတ္တာကို ခံစားသိမြင်ပါမှ ကြည်ဖြူလက်တွဲ ကူညီမှုကိုလည်း ရနိုင်ပေလိမ့်မည်။ ထို့ကြောင့်လည်း ယနေ့ချိန်ခါတွင် ကျွန်တော်တို့ပတ်ဝန်းကျင် တွင် သုံးနှုန်းနေသည့် စကားလုံးတစ်ရပ် သည်လည်း တွင်ကျယ်လာနေပြီဖြစ်ပါသည်။ ထိုသည်ကား (Tourism For Peace) ခရီးသွားနှင့် ငြိမ်းချမ်းရေးဟူ၍ပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံ့ငြိမ်းချမ်း ရေးကိုတစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်မှု
ထိုကဲ့သို့ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအား နိုင်ငံအနှံ့ဖွံ့ဖြိုးတိုးတက်လာစေရန်အ တွက်တာဝန်ရှိသော ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ၊ ပြည်နယ်များအလိုက် သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုင်ရာရုံးခွဲများ ဖွင့်လှစ်ကာ ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ခရီးစဉ်ဒေသများစနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်နှင့် အညီ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အားပေး ကူညီဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေး နိုင်မှုများမှာ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ဟိုတယ်(၁၆၆၁)လုံး၊ အိပ်ခန်း(၆၆၈၀၆)ခန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ပြည်တွင်း/ပြည်ဝင်ခရီးစဉ်(၂၇၇၀)ခု၊ ပြည်ပခရီးစဉ်(၄၂၉)ခု၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(၂၅၈၀)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၇၉၇၆)ခုတို့အား ခွင့်ပြုထုတ်ပေး နိုင်ခဲ့သည်နှင့်အညီ လုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရန် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးဆိုင်ရာ မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများအား ကျင်းပပေးခြင်းတို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ဒေသ အလိုက်ရှိပြီးသော ခရီးစဉ်များ စနစ်တကျတည်တံ့တိုးတက်လာစေရန်နှင့် ခရီးသွားအလို့ငှာ သင့်တော် သော ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရအကူအညီဖြင့် ဆောင်ရွက်ခြင်းတို့ကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိပါသည်။ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်စေရန် မှာ သွားလာမှုလွယ်ကူခြင်း၊ လုံခြုံစိတ်ချရခြင်း၊ တည်းခိုနေထိုင်ရန်အဆင်ပြေစေခြင်း၊ ဈေးနှုန်းတည်ငြိမ်မှု ရှိစေခြင်း၊ အရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည်ဖြင့် အခြေခံ အကြောင်းအရာများစွာ ပြည့်စုံနေရန်လိုအပ်သကဲ့သို့ ခရီးစဉ်ဒေသနေ ပြည်သူလူထုမှလည်း ခရီးသွား လုပ်ငန်းမှ ရရှိလာမည့်အကျိုးကို သိရှိနားလည်ကာ ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်လှပေသည်။ ထို့အပြင် ခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပခရီးသွားများမှလည်း ခရီးစဉ်ဒေသ ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်းလိုအပ်ပါသည်။
ခရီးသွားနှင့် အမှိုက်ပြဿနာ
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလျှက်ရှိသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံ၏စက်မှု လုပ်ငန်းများဦးစီးဌာနသည် နိုင်ငံတွင်း စက်ရုံများမှ ပလပ်စတစ်လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည် ထုတ်လုပ်သော ကုန်စည်များနှင့် လျှပ်စစ်ပစ္စည်းများသုံးစွဲရာမှ ထွက်ပေါ်လာသော အမှိုက်များ စွန့်ပစ် ခြင်းများကို တားဆီးမိန့်များထုတ်ပြန်တော့မည်ဖြစ်ပြီး ပလပ်စတစ်စက်ရုံနှင့် အိမ်သုံး လျှပ်စစ်လုပ်ငန်းများ အား လုပ်ငန်းပါမစ်ထုတ်ပေးခြင်းများကို ရပ်ဆိုင်းကြောင်း၊ ယင်းသို့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများပါလာ နိုင်ဖွယ်ရှိသော ကွန်တိန်နာများကိုလည်း ပြည်တွင်းသို့ တင်သွင်းခွင့်မပေးတော့ကြောင်းနှင့် ထိုသို့ဖြင့် ပလတ်စတစ်နှင့် လျှပ်စစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သော အမှိုက်များအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြထားသည်ကိုလည်း သိရှိမှတ်သားလိုက်ရပါသည်။ ပလပ်စတစ် ရဲ့စွမ်းရည်ဟာ နှစ်ပေါင်း ၅၀၀၊ နှစ်ပေါင်း ၁၀၀၀ အထိ မကျေပျက်နိုင်ကြောင်းနှင့် ပလပ်စတစ်များကို ဖျက်ဆီးရာတွင်လည်း မီးရှို့ဖျက်ဆီးလျှက်ရှိရာ ၎င်းမှထွက်လာသည့် ဓါတ်ငွေ့သည်လည်း လူတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် ယခုလိုမိုးရာသီ ကာလတွင် မြို့ကြီးအများစု၌ ဖြစ်ပေါ်နေသော မြို့တွင်းရေလျှံမှုများသည်လည်း အမှိုက်သံသရာလည်ခြင်း ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကဲ့သို့သောအမှိုက်များ မြို့များတွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများ၏ ရေထွက် ပေါက်များတွင် ပိတ်ဆို့နေခြင်းများကြောင့် ရပ်ကွက်များမြို့များမှာ မိုးရွာသည်နှင့် ရေနစ်မြုပ်နေရခြင်း အကြောင်းအရာတစ်ခုလည်းဖြစ်နေပါသည်။ ထို့ကြောင့်ပလတ်စတစ်သုံးစွဲမှုလျော့ချခြင်း၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့်အိတ်များအစား သဘာဝထွက်ကုန်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ခြင်းများ၊ စက္ကူခွက် များ အစားထိုးအသုံးပြုသင့်ကြောင်း အသိပညာပေးမှုများလည်းရှိနေပါသည်။
၂၀၁၀ ခုနှစ်က ထိုင်းလူမျိုးများနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ပစ်ချခဲ့တဲ့အမှိုက်ဟာ မက်ထရစ် တန် ၂၅၆၉၃၅ ရှိပြီး ၂၀၂၅ မှာ တန်ချိန် ၅၄၄၈၇၇ အထိ ရှိလာမယ်လို့ ခန့်မှန်းကြောင်းနဲ့ ၂၀၁၀ ခန့်မှန်းချက်အတိုင်းသာဆိုရင် ထိုင်းလူမျိုးများနဲ့ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ပင်လယ်ထဲကို ပစ်ချခဲ့တဲ့ ပလတ်စတစ်အမျိုးအစားဟာ ၂ဒသမ၆၆သန်းမျှ ရှိမယ်လို့ ခန့်မှန်းရပြီး အမှိုက်တွေကို မတော်တဆ ပစ်ချခဲ့မှု့ကြောင့် ပင်လယ်ပြင်ရဲ့ ညစ်ညမ်းမှု၊ ပျက်စီးမှုကိုဖြစ်စေကြောင်း ၊ ၂၀၁၅ ခုနှစ်ထိ ယခုလို ဆက်လက်အမှိုက်များပစ်ချနေပါက အဆိုပါပလတ်စတစ်အမှိုက်တွေရဲ့ တိုက်စားမှု၊ ထုတ်လွှတ်တဲ့ ဓါတ် သဘာဝတွေကြောင့် သန္တာကောင်တွေသေကျေခြင်း၊ သန္တာကျောက်တန်းတွေ ပျက်စီးခြင်းတွေဖြစ်စေမှာ ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးမှာ ဆရာသီဟရေးသားတဲ့ဆောင်းပါးလေး ပါတဲ့အတွက် ဖတ်ရှုလိုက်ရ ပါတယ်။
ပြီးခဲ့တဲ့ရက်များက ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်စုပုံထားသည့် အမှိုက်ပုံမီးစွဲလောင်ခဲ့ကာ မီးငြိမ်းသတ်ရန် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး ရန်ကုန်မြို့၏ ကောင်းကင်ယံ ၌ မီးခိုးငွေ့များပိန်းပိတ်ကာဖြင့် မြို့နေလူထုကြား အခက်အခဲပွားခဲ့ရသည်ကိုလည်း တွေ့မြင်ခံစားခဲ့ရ သဖြင့် စွန့်ပစ်ပြီးသည်အထိ ဒုက္ခပေးခဲ့သည့် အမှိုက်အန္တရာယ်ကို သိရှိခဲ့ရပေသည်။
ညစ်ထေးရောနှော ဤအမှိုက်သဘောကို ခွဲခြားဝေဖန်ခြင်းဖြင့် ပြီးနိုင်မည်မထင်ပါ။ တစ်ခါ တစ်ရံမျက်မြင်တွေ့နေရသည့် အသုံးမတည့်သော အမှိုက်များထက် လုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာ အကူအထောက်အပံ့မဖြစ်ဘဲ အနှောင့်အယှက်ပြုသူ လူ့အမှိုက်များသည်လည်း တစ်ပုံတစ်ပင်တွေ့ရ ပါလေသည်။ ခရီးသွားလုပ်ငန်းစထက်ထမ်းပိုး ဖွံ့ဖြိုးဖို့အတွက်ရာ ဘက်စုံမှ ကြိုးစားရုန်းကန်နေသည့် ကျွန်တော်တို့ ခရီးသွားနယ်ပယ်အတွင်းမှ ညီနောင်များ စုစည်းအားဖြင့် ဆောင်ရွက်မှုများစွာရှိနေပါ သော်လည်း ကူညီမရကန့်လန့်တိုက်ကာဖြင့် လုပ်ငန်းများတိုးတက်မှု နှောင့်နှေးအောင်၊ ကြိုးစားလုပ် ဆောင်နေသူများ စိတ်ပျက်အားလျော့ မှုများဖြစ်ရလေအောင် အဖျက်သဘောဆောင်ကာ ဆောင်ရွက် တတ်သည်များလည်းရှိတတ်ပေရာ သဘောတရားကို သေချာအောင်နားလည်စေရန် ရှင်းပြစည်းရုံးခြင်း များဖြင့် ဆောင်ရွက်ရသည်များလည်း ရှိနေပေသည်။
အမှိုက်ဟုဆိုရာတွင်လည်း ပြန်လည်ဆယ်တင်အသုံးပြုခြင်း Reuse ၊ မလိုအပ်သည်များကို လျော့ချသုံးစွဲခြင်း Reduce ၊ အခြားနည်းလမ်းဖြင့် ပြန်လည်အသုံးပြုခြင်း Recycle ၊ စသည့် နည်းစနစ် များဖြင့် ဆောင်ရွက်လျှက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စွန့်ပစ်အမှိုက်များ စတင်စွန့်ပစ် စဉ်ကတည်းက ခွဲခြားစွန့်ပစ်နိုင်ရန် စီမံပေးသည့် အစီအမံကောင်းများဖြင့် ဆောင်ရွက် နေသည်များလည်းရှိကြပါသည်။ လူမှုပတ်ဝန်းကျင်ကို အထောက်အပံ့ကောင်းဖြစ်စေမည့် အစီအမံများဖြင့် စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်စေခြင်းကလည်း စွန့်ပစ်အမှိုက်လျော့ချရေးကို အထောက်အကူပြုစေပါသည်။
အသိစိတ်ဖြင့် ဝိုင်းဝန်းထိမ်းသိမ်းရန်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုရာတွင်လည်း အလျဉ်းသင့်၍ တင်ပြရပါလျှင် တာဝန် ထမ်းဆောင်ခဲ့ဘူးသော ချောင်းသာကမ်းခြေကဲ့သို့သော မြန်မာပြည်၏ အဓိကကမ်းခြေတစ်ခု၏ မိုးရာသီ အချိန်တွင် ကမ်းခြေသောင်ပြင်ပေါ်၌ အမဲရောင်အမှုန်များ ဖုံးလွှမ်းကာ ကမ်းခြေလာ ရေကစားသူများ၏ ခန္ဓာကိုယ်ယားယံမှုများ ဖြစ်သည်ကိုသိရှိရ၍ အခြေခံအရင်းအမြစ်ကို လုပ်ငန်းရှင်များ စိစစ်ဖေါ်ထုတ်ခဲ့ရာ၌ သိရှိရသည်မှာ သစ်ခွဲလွှဆွဲခြင်း၊ မီးသွေးဖုတ်ခြင်းတို့မှ ထွက်ရှိလာသည့် သစ်ဆွေးအမှုံအမွှားများ မိုးရေနှင့်အတူ ဒီရေကျချောင်းအတွင်း မျောပါရာမှ ပင်လယ်လှိုင်း ပုတ်သဖြင့် ကမ်းခြေသို့ ပြန်လည်စုပုံကာ ပင်လယ်ရေနှင့် ကမ်းခြေအလှများကို ညစ်ညမ်းမှုဖြစ်စေခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုမလိုလားအပ်သော ဖြစ်စဉ်များကြောင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်၊ ကမ်းခြေများပျက်စီးမှု ဖြစ်နိုင်သည်ကိုလည်း သိရှိခဲ့ ရပါသည်။ ဒေသနေပြည်သူနှင့် သက်ဆိုင်ရာ ဌာနများအားလုံးတွင် ထိန်းသိမ်းကြပ်မတ်ရန်၊ စည်းကမ်း လိုက်နာရန်တာဝန်ရှိပါသည်။ ထိုအချိန်အခါက ကမ်းခြေရေရှည်တည်တံ့စေရန်ရည်ရွယ်ကာဖြင့် လုပ်ငန်း ရှင်များ စုပေါင်းအားဖြင့် စည်ပင်အမှိုက်သိမ်းယာဉ် လှူဒါန်းပေးခြင်း၊ အမှိုက်သိမ်းဝန်ထမ်းခန့်ထားပေးခြင်း၊ အမှိုက်စွန့်ပစ်ရန် မြေနေရာ ဝယ်ယူလှူဒါန်းပေးခြင်းတို့လည်း ရှိခဲ့သည့်အပြင် Air KBZ ကဲ့သို့သော လေကြောင်းလိုင်း လုပ်ငန်းကြီးများမှလည်း ပူးပေါင်းပါဝင်မှုဖြင့် လက်တွန်းဖိုက်ဘာ အမှိုက်ပုံးကြီးများ လှူဒါန်းပေးခြင်း၊ ဝန်ထမ်းများဖြင့် ကမ်းခြေအမှိုက်ကောက် ရှင်းလင်းပေးခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့သည်ကိုလည်း ဝမ်းမြောက်ဂုဏ်ယူဘွယ်တွေ့ကြုံခဲ့ရပါသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ထပ်မံထုတ်ဖော်ရန်ကျန်ရှိနေသည့် မြန်မာပြည်မြောက်ဖျားရှိ ခါကာဘိုရာဇီဒေသ၊ မြန်မာပြည် တောင်ပိုင်းရှိ မြိတ်ကျွန်းစုများစသည့် ခရီးစဉ်ဒေသအသစ်များ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်လည်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ ရေရှည်တည်တံ့စေရန်၊ အစီအမံကောင်းများ စနစ်တကျချမှတ်လုပ်ဆောင်ရန် လိုအပ်ပြီး ထိုခရီးစဉ်ဒေသများ ရေရှည် တည်တံ့စေရန် ဒေသနေပြည်သူများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာကြွယ်ဝမှုသည်လည်း အရေးပါလျက်ရှိပါသည်။
ခရီးမြှင့်မှ အကျိုးများမည်
ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် ဒေသနေ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ရရှိစေရန် ရည်ရွယ်ကြိုးစားလုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိနေရပြီဖြစ်ပြီး ခရီးစဉ်ဒေသများတွင် လိုအပ်လျှက်ရှိသော အခြေခံအဆောက်အအုံများဖြည့်ဆည်းပေးခြင်း၊ ခရီးစဉ် ချောမွေ့စေရေး ပံ့ပိုးကူညီ ခြင်း၊ ခရီးစဉ်အသစ်များတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဖြတ်ကျော်ကားမောင်း ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲအစရှိသည်ဖြင့် ဒေသအလိုက် တိုးတက်ဆောင်ရွက်လာသည်ကို တွေ့ရသည့် အပြင်၊ ခရီးသွားများ အဆင်ပြေစေရန် ရည်ရွယ်ကာဖြင့် Public Toilet အများသုံးသန့်စင်ခန်းများ ခရီးစဉ်ဒေသများတွင် တိုးချဲ့တည်ဆောက်ပေးနေမှုများ ဒေသအလိုက် ဆောင်ရွက်နေသည်ကိုလည်း ကြားသိနေရပြီဖြစ်ပါသည်။ ထို့အပြင် ခရီးစဉ်ဒေသအသစ်များပေါ် ထွက်လာစေရေး၊ ခရီးလမ်းကြောင်းများ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက်ကိုလည်း ဒေသအလိုက် တိုးမြှင့်ဆောင်ရွက်နေကြသည်နှင့်အညီ ခရီးစဉ်ဒေသရေရှည်တည်တံ့ရေး၊ သဘာဝပါတ်ဝန်းကျင် အားထိခိုက်မှုမရှိစေရေးတို့အတွက် အသိပညာ ပေးခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့်လည်း ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးတက် လာစေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်နေကြသည်ကိုလည်း မျက်မြင်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကို အဓိက ဆောင်ရွက်လျှက်ရှိကာ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့၏ ကြီးကြပ်မှုဖြင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် Myanmar Tourism Conference ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် နေပြည်တော် MICC II ၌ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရာ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားနယ်ပယ်မှ ကျွမ်းကျင်သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည့်အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်နှင့်ဇနီးတို့မှ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရှိရကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အားအင်တစ်ခုဖြစ်စေခဲ့သည့်အပြင် အဆိုပါကွန်ဖရင့်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများပါဝင်သည့် ဆုံးဖြတ်ချက်(မူကြမ်း)ကို ထုတ်ပြန်နိုင်ခဲ့ကြောင်းနှင့် စနစ်တကျ ဖြည့်စွက်အတည်ပြုထားသည့် ဆုံးဖြတ်ချက်ကိုလည်း ဆက်လက် ထုတ်ပြန်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
တာဝန်ရှိသည့် ဝန်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံးလွမ်းခြုံကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ အသိအမြင် ကြွယ်ဝသည့် ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးပြည့်မှီသည့် ဝန်ထမ်းများပေါ်ထွက်လာစေရေး၊ ဒေသ နေပြည်သူများ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိအမြင်ကြွယ်ဝပြီး မိမိတို့ပိုင်ခရီးစဉ်ဒေသအား မြတ်နိုးတန်ဖိုး ထားတတ်လာစေရန် အသိပညာဖလှယ်ပွဲများ၊ ဆွေးနွေးပွဲ၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲများ၊ ဒေသထွက် ကုန်ဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြပွဲများကျင်းပပေးခြင်းတို့အတွက် ကြိုးစားဆောင်ရွက်လျှက်ရှိပါ သည်။ ထိုသို့ဆိုရာတွင် Community Base Tourism –CBT ကျေးရွာများ စနစ်တကျပေါ်ထွက်လာစေပြီး ဒေသနေပြည်သူ လူထုအား ခရီးသွားလုပ်ငန်း၏အကျိုးအမြတ်ကို တိုက်ရိုက်ပါဝင်ခံစားခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ထားကာ ဒေသအလိုက် သင့်တော်သည့်ကျေးရွာများတွင် ဖော်ဆောင်လျှက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အားကိုယူ၍ မြှင့်တင်ခြင်းလုပ်ငန်းများအား အစွမ်းရှိသ၍ ဆောင်ရွက်နေသည့်အပြင် ကမ္ဘာ့အလည်တွင် မြန်မာနိုင်ငံအား ပိုမိုယုံကြည်မှု မြင့်မားလာစေရန် ခရီးသည်ဝင်ရောက်မှု ပိုမိုလျှင်မြန် လွယ်ကူချောမွေ့စေရေး၊ ခရီးသည်ပိုမိုတိုးတက်မှုရရှိစေရေးအတွက် ပြည်ဝင်ခွင့်ဗီဇာများ၊ ဆိုက်ရောက် ဗီဇာများဆိုင်ရာ ဖြေလျော့ပေးနိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းကို စိတ်ရင်းစေတနာအမှန်ဖြင့် ဦးဆောင်ကြိုးပမ်းလျှက်ရှိသည်ကိုလည်း မျက်မြင်တွေ့ရှိနေရပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း၊ လေကြောင်းလမ်းမှ ဝင်/ထွက်ပေါက်များ၊ နယ်စပ်ဝင်ပေါက်များ၊ ပင်လယ် ရေကြောင်း ဝင်ပေါက်များပါမကျန် ပြည်ပခရီးသွားများ ခရီးသွားအလို့ငှါ လွယ်ကူချောမွေ့စွာ ဝင်/ထွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါသည်။ တစ်ယောက်အားနှင့်ယူသော်မရ အများအားဖြင့် ယူသော်ရသည်ဆိုသည့်အတိုင်း စိတ်စေတနာမှန်စွာ ဦးဆောင်ကြိုးပမ်းနေသူအဖို့မှာကား လိုအပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် တစ်ဦးတစ်ယောက်အတွက်မဟုတ် အများဝမ်းစာပြည့်စေရန် ဆောင်ရွက်နေသည်ကား အမှန်ပင်ဖြစ်ပါသည်။
အမှိုက်မဟုတ်ပါ
ထိုသို့ အများအတွက် ဝန်ကို ထမ်းရသည်မှာ တော်ရုံစိတ်ရင်းဖြင့် ဆောင်ရွက်၍မရနိုင်ပါ။ ဖွံ့ဖြိုးတိုးတက်စေလို၍ ဆောင်ရွက်ခြင်းဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုအတွက် ပြည်သူ့ဘဏ္ဍာ ကိုလည်း အလွယ်တကူ သုံးစွဲခြင်းမပြု၊ မလိုအပ်ဘဲ အကျိုးမရှိ ငွေကုန်ကြေးကျများခြင်းကိုလည်း ရှောင်ရှားကာဖြင့် Public Private Partnership(PPP) အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအားကိုရယူ ကာ အသုံးပြုဆောင်ရွက်နေပြီး မလျော့သော ဇွဲလုံ့လစိုက်ထုတ်ကာ ဦးဆောင်မှုဖြင့် ဆိုခဲ့ပြီးသော Smokeless Industry ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ငြိမ်းချမ်းရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါ ကြောင်းနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ခရီးစဉ်ဒေသအား အမှိုက်ရှုပ်စေမည့်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်မှုမဲ့သည့် လုပ်ငန်းတစ်ခုမဟုတ်ဘဲ ဒေသနေပြည်သူလူထု၏ လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေသည့် ရေရှည်အကျိုးများသည့်လုပ်ငန်း ဖြစ်ပါကြောင်း အကျဉ်းမျှတင်ပြအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ၂၀၁၈ ခုနှစ် ဂျပန်ခရီးသွားပြပွဲ (Tourism Expo Japan 2018 ) နှင့် ဒုတိယအကြိမ် ဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့တက်ရောက်


နေပြည်တော်၊ စက်တင်ဘာ (၂၃)ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်ပြီး ဝန်ကြီး ဌာနနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tokyo Big Sight Convention Centre တွင် ကျင်းပပြုလုပ်သော၂၀၁၈ ခုနှစ် ဂျပန်ခရီးသွားပြပွဲ (Toursim Expo Japan 2018) (JATA) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ၎င်းဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အာဆီယံ နိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးများ ၊ ဂျပန်နိုင်ငံမြေယာ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေး နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဆောင်သော ဂျပန်ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ တိုကျိုမြို့တော်ဝန် နှင့် အသင်းအဖွဲ့များမှ ဥက္ကဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံပြခန်းကို ဖွင့်လှစ်ပေးပါသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) နှင့် ခရီးသွားဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲ (2nd Tourism Expo Japan Ministerial Round Table in Collaboration-with UNWTO )သို့တက်ရောက်ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို “ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်း” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဓိကနယ်ပယ် ငါးခုဖြစ်သော ရေရှည်တည်တံ့ရေးနှင့် တာဝန်ယူမှု ရှိသော ခရီးသွားလုပ်ငန်းတိုးတက်ရေး ၊ ကောင်းမွန်သော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် ခရီးသွားဧည့်သည်များဧ။် ခရီးသွားလာမှုပုံစံများ ပြောင်းလဲလာခြင်း တို့ကို အာဆီယံအဖွဲ့ဝင် (၅) နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ၊ဆူဒန်နိုင်ငံ ၊ ဘူတန်နိုင်ငံ ၊ အိုက်စလန်နိုင်ငံ ၊ လတ်ဗီးယားနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ ၊ မွန်ဂိုလီးယားနိုင်ငံတို့မှ ခရီးသွားဝန်ကြီးများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့(UNWTO)၊ ကမ္ဘာ့ခရီးသွားကောင်စီ (WTTC), အာရှ-ပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) နှင့် အာဆီယံခရီးသွားနှင့် ကုန်သွယ်ရေးအဖွဲ့(ATTA)တို့မှ အတွင်းရေးမှူးချုပ်များ ၊ CEO များ ၊ စုစုပေါင်း ၁၉ဦးတို့မှ မိမိတို့ဧ။် အမြင်နှင့် ခံယူချက်များကို အသီးသီး ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် World Travel and Toursim Council ၏ ဧည့်ခံ ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဂျပန်နိုင်ငံမြေယာ အခြေခံအဆောက် အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Mr. Keiichi ISHII နှင့် တွေ့ဆုံခဲြ့ပီး နှစ်နိုင်ငံခရီးသွား လုပ်ငန်းမြှင့်တင်ရေး၊မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာလက်မှတ် ရေးထိုးရေး ၊ ၂၀၁၉ ဇန်နဝါရီလတွင် ရန်ကုန်မြို့၌ ချယ်ရီပန်းများစိုက်ပျိုးရေး ဂျပန်ခရီးသည်များအား ဗီဇာ ဖြေလျော့ပေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းရှင်များသည် ဂျပန်-မြန်မာချယ်ရီပန်းစိုက်ပျိုးရေးအသင်းနှင့်၊ ဂျပန်-မြန်မာပါလီမန်ဆိုင်ရာ ချစ်ကြည်ရေးအသင်းတို့၏ ဥက္ကဌ Mr.AISAWA ICHIRO နှင့် တွေ့ဆုံခဲ့ပါ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် Mr. ICHIRO က Tourism EXPO JAPAN 2018 တွင် မြန်မာနိုင်ငံမှ ပြခန်းလာရောက်ပြသသည်ကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ရန် ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း ၊ မိမိအနေဖြင့် မြန်မာ နိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်လိုပါကြောင်း၊ မြန်မာနိုင်ငံ တွင် ချယ်ရီပန်းပင်များ နှစ်စဉ်စဉ်ဆက်မပြတ် စိုက်ပျိုးရေးကို ကူညီပံံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ချယ်ရီပန်းစိုက်ပျိုးရေးသည် အနာဂတ် ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါကြောင်း ၊ ဂျပန်ခရီးသည်များအား ဗီဇာကင်း လွတ်ခွင့်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ဂျပန်နိုင်ငံဘက်မှ Japan Toursim Agency နှင့် မိမိတို့ ဝန်ကြီးဌာနဧ။် ဦးစီးဌာနနှင့် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး ၎င်းမှတစ် ဆင့် ဂျပန်-မြန်မာခရီးသွားများ အပြန်အလှန် ပိုမို၍ လည်ပတ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ၊ ယခုကဲ့သို့ ဂျပန်နိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ အကြံပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
၎င်းတွေ့ဆုံပွဲအပြီးတွင် Japan Tourism Agency သို့ သွားရောက်၍ ဂျပန်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့်အတူ တက်ရောက်ခဲ့ပါသည်။ ၎င်းနားလည်မှုစာချွန်လွှာကို Japan Toursim Agency မှ Comissioner Mr. Hiroshi Tabataနှင့် ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါနားလည်မှု စာချွန် လွှာအရ နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း သတင်းအချက်အလက်များ ဖလှယ်ရေး ၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ၊ ခရီးသွားလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရန် အထောက်အကူပေးရေးနှင့် နှစ် နိုင်ငံ ပြည်သူများ အပြန်အလှန်ခရီးသွားလာရာတွင် လုံခြုံစိတ်ချ ဘေးကင်းစေရေးတို့ကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့လာ ရောက်နိုင်ရန် ဗီဇာကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်များ၊အနာဂတ်ခရီးသွားဈေးကွက်မြှင့်တင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းထင်က မြန်မာနိုင်ငံ၏ ပုံရိပ်အမှတ်တံဆိပ်အသစ်ဖြစ်သော စွဲမက်ဖွယ်ရာ ပြည်မြန်မာ (Myanmar – Be Enchanted) ကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး မီဒီယာများမှ မေးမြန်းသည်များကို ပြန်လည် ဖြေကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြခန်း၌ ကျင်းပသည့် မြန်မာညနေခင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်များအား မြန်မာ့ရိုးရာအစားအစာများနှင့် ဧည့်ခံခဲ့ပါသည်။ မြန်မာပြခန်းတွင် မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုးအကဖြင့် ဖျော်ဖြေခြင်း ၊ ချင်း ၊ရခိုင်၊ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေခြင်း မြန်မာ့တိုင်းရင်းသား ဝတ်စုံများကို ဝတ်ဆင်၍ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ရာ ပြပွဲသို့ ဧည့်ပရိတ်သတ်များစွာ လာရောက်ခဲ့ပါသည်။မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှလည်း စားသောက်ဆိုင်ခန်း ဖွင့်လှစ်၍ မြန်မာရိုးရာအစားအစာများကို ရောင်းချခဲ့ရာပြပွဲသို့ လာရောက်သော ဧည့်သည်များက ကြိုက်နှစ်သက်စွာအားပေးခဲ့ကြပါသည်။

 

Tourism EXPO JAPAN 2018 တွင် မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီ ၁၃ ခုတို့မှ ပါဝင် ပြသခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်ရောင်းချခဲ့ပါသည်။ ယခုနှစ် ပြပွဲတွင် နိုင်ငံပေါင်း ၁၃၆ နိုင်ငံမှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၄၄၁ ခုတို့က ပြခန်းများပါဝင်ပြသခဲ့ကြပြီး ခရီးစဉ် ဝယ်ယူသူ ၄၁၄ ဦးနှင့် ခရီးစဉ် ရောင်းချသူ ၈၉၀ ဦး စုစုပေါင်း ၁၃၀၄ ဦးရှိကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံ၏ အကြီးဆုံးသော ခရီးသွားပြပွဲသို့ သွားရောက်ပြသခြင်းဖြင့် မြန်မာကိုဂျပန်ဈေးကွက် အပါအဝင် ကမ္ဘာ့နိုင်ငံများက သိရှိပြီး ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေခြင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ မြန်မာ့ရိုးရာအစားအစာနှင့် တိုင်းရင်းသားဝတ်စုံများကို မြှင့်တင်ကြော်ငြာနိုင်ခဲ့ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

မန္တလေးမြို့၌ Hotel Operation Management (၃ /၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ (၂၁) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ် Lux-Dev တို့ ပူးပေါင်းစီစဉ်မှုဖြင့် Hotel Operation Management သင်တန်းအမှတ်စဉ် (၃/၂၀၁၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ၃၅ လမ်း၊ ၅၈/၅၉ လမ်းကြားရှိ HOTEL APEX MANDALAY သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) သင်တန်းတာဝန်ခံများနှင့် အရာထမ်း/အမှုထမ်းများ၊ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ၊ Lux-Dev မှ သင်တန်းနည်းပြများ၊ မန္တလေးမြို့ပေါ်ရှိ ဟိုတယ်များမှ MD, GM, Manager များနှင့် ဟိုတယ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

Hotel Operation Management သင်တန်းအမှတ်စဉ် (၃/၂၀၁၈) သင်တန်းတွင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပုဂံ၊ ညောင်ဦး စသည့်မြို့နယ် အသီးသီးရှိ ဟိုတယ်များ၌် တာဝန်ထမ်းဆောင်လျှက်ရှိသော မန်နေဂျာ GM MD များ စုစုပေါင်း (၂၀) ဦး တို့အား စာတွေ့/ လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပါတ် (၂) ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ စက်တင်ဘာလ (၂၁) ရက်
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၂၀၇၈၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၅၃) ဦး၊ ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၂၁) ဦးရှိကြောင်း သိရှိရပါသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီ လိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သောတာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ် ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွား ရောက် လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ကြပါသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၄၃၆၈၀၂) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၃၈၂၀) ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၃၂၉၁) ဦးတို့ ဝင် ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ စက်တင်ဘာလ (၂၀) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များဖြင့်လည်း နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး နိုင်ငံအတွင်းရှိ သဘာဝ အလှအပရှုခင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လာရောက် ကြည့်ရှုလေ့လာ လည်ပတ်လျက်ရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Chanty Group Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသား (၅) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီးဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး- ဂန့်ဂေါ်- နေပြည်တော်မြို့များသို့ သွားရောက်၍ အဆိုပါဒေသများရှိ ထင်ရှားသော နေရာများကို လည်ပတ်ခဲ့ကြပြီး စက်တင်ဘာလ (၁၉) ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။
မိုးရာသီကာလဖြစ်သော်လည်း နိုင်ငံခြားသားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံသို့ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ်/ ဆိုင်ကယ်များဖြင့် လည်းကောင်း၊ ၎င်းတို့ ၏ အစီအစဉ်ဖြင့်လည်းကောင်း ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးခွဲ၏ ပူးပေါင်းပါဝင်မှုဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ လွိုင်နန်းဖ (မိုးနတ်သမီးတောင်) အား ခြေလျင်တောင်တက်ခရီးစဉ်အဖြစ် တက်ရောက်


နေပြည်တော်၊ စက်တင်ဘာလ (၁၉) ရက်
ကယားပြည်နယ် ခရီးသွားလုပ်ငန်း မြှင့်တင်မှုတစ်ရပ်အဖြစ် (၁၅.၉.၂၀၁၈) ရက်နေ့တွင် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးခွဲ၏ ပူးပေါင်းပါဝင်မှုဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည် နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ အားကစားသိပ္ပံ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ (၂၀၀) ဦးကျော် ပါဝင်သော အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာအနီးရှိ လွိုင်နန်းဖ (မိုးနတ်သမီးတောင်) အား ခြေလျင်တောင်တက်ခရီးစဉ်အဖြစ် တက်ရောက်ကြကြောင်း သိရပါသည်။

လွိုင်နန်းဖတောင်သည် ပေပေါင်း (၅၀၀၀) နီးပါးရှိပြီး ကယားပြည်နယ်၏ အမြင့်ဆုံးတောင်အဖြစ် လည်း တည်ရှိကာ ပြည်တွင်း၊ ပြည်ပ တောင်တက်ခရီးစဉ် စိတ်ဝင်စားသူများအတွက် ခရီးစဉ်ဒေသအသစ် တစ်ခုလည်း ဖြစ်ကြောင်း သိရပါသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးခွဲသည် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်နန်းဖတောင်အား အခြေပြုသော တောင်တက်ခရီးစဉ်နှင့် အခြားသဘာဝစိုက်ခင်းများ၊ ရိုးရာစားသောက်ဆိုင်များ၊ Cable Car တပ်ဆင်မည့် အစီအစဉ်များအား ဆောင်ရွက်နိုင်မည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါ သည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကော့သောင်းရုံးခွဲ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ (၁၉) ရက်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှု၊ Awei Pila Resort၊ United Hotels & Resorts၊ KMOT Travel & Tour၊ Benchmade Asia Myanmar တို့၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများဖြစ်သော ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း၊ အစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းများနှင့် Hotel Accounting သင် တန်းတို့အား (၂၇-၈-၂၀၁၈)ရက်နေ့မှ (၁၈-၉-၂၀၁၈)ရက်နေ့အထိ သင်တန်းသား/သူ (၁၈၆) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ Victoria Cliff Hotel ရှိ ရွှေသရဖီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

အခမ်းအနားတွင် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးညိုအေးတို့မှ အမှာစကားပြော ကြားခဲ့ပြီး Star Academy သင်တန်းကြောင်းမှ သင်တန်းဆရာ ဦးမြတ်သူနှင့် ကျွန်းပေါ်ဟိုတယ် လုပ်ငန်း ရှင်များနှင့် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားဒေသခံ တစ်ဦးတို့မှ ကျေးဇူးတင် စကားပြောကြားခဲ့ ကာ သင်တန်းအလိုက် ထူးချွန်ဆုရ သင်တန်းသား/သူများအား ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် သင်တန်း သား/သူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

 

အာဆီယံအဆင့် အမျိုးသားဆရာဖြစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ (၁၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကနှင့် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်း (မန္တလေးဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အာဆီယံအဆင့်အမျိုးသားဆရာဖြစ် သင်တန်း ဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ၆၇ လမ်း၊ ၃၂×၃၃ လမ်းကြားရှိ Hotel Sakura Princess အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဌ ဦးမင်းနိုင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေနှင့် အရာထမ်း/ အမှု ထမ်းများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဟိုတယ်ပိုင်ရှင်များနှင့် မန်နေဂျာများ၊ ဖိတ်ကြားထားသည့် ဧည့် သည်များတော်များ၊ အာဆီယံအဆင့် အမျိုးသား ဆရာဖြစ် သင်တန်းသား/သူများ စုစုပေါင်း (၁၁၀) ကျော် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဌတို့မှ အမှာစကားပြောကြားကာသင်တန်း ဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပါသည်။ အာဆီယံအဆင့် အမျိုးသားဆရာဖြစ် သင်တန်းသို့ မန္တလေးမြို့ပေါ်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် မန်နေဂျာနှင့် GM များ စုစုပေါင်း (၁၃) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။